
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၄ မြို့နယ်ကို နိုဝင်ဘာ ၁ ရက်နေ့ တရက်တည်းမှာတင် စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် တယောက် အပါအဝင် အရပ်သား ၁၂ ယောက် သေဆုံးပြီး ၃၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့ ဝီရဌာနေ (ပေါက်တော)မြို့နယ်တွေကို နိုဝင်ဘာ ၁ ရက်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ ။
နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီခွဲလောက်မှာ ကျောက်တော်မြို့နယ်၊ ဝါးတောင်နဲ့ ပန်းဖဲချောင်း ကျေးရွာတွေကို ဆက်သွယ်ထားတဲ့တံတား (ယိုးချောင်းတံတား) ကို စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လမ်းသွားလမ်းလာပြည်သူ ၇ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့်ယိုးချောင်းတံတားပျက်စီးခဲ့ရတဲ့အပြင် တံတားပေါ်သွားလာနေတဲ့ ဆိုင်ကယ်တွေ၊ ဘေးတွဲဆိုင်ကယ်တွေနဲ့ တံတားအနီးဝန်းကျင်က နေအိမ်တချို့လည်း ပျက်စီးဆုံးရှုံးခဲ့ရ ပါတယ်။
ဒါ့အပြင် အဲဒီနေ့ တရက်တည်း ည ၁၁ နာရီကျော်အချိန်မှာလည်း ဂျက်တိုက်လေယာဉ် ၅ စင်း လောက်နဲ့ ကျောက်တော်မြို့နယ်၊ ကန်စောက်တောင် တကြောကို ဗုံးလာရောက်ကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခုလိုနေ့စဉ်ရက်ဆက် ဗုံးကြဲမှုဒဏ်တွေကြား နေနေရတဲ့ ဒေသခံတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေရတယ်လို့ ကျောက်တော်ဒေသခံ လူငယ်အမျိုးသမီးတယောက်က ပြောပါတယ်။
“ထမင်းစားနေရင်းတန်းလန်းနဲ့ ထပြေးရတာပါ။ လေယာဉ်လာတဲ့အသံလည်း မကြားရဘူး။ ဘယ်နား လာမှန်းတော့မသိဘူး ချသံပဲကြားတယ်။ တအားအသံကျယ်တယ်။ ညီမလေးတို့နဲ့ တအား နီးတာဆိုတော့လေ။ အိပ်ရတာ လည်းအဆင်မပြေပါဘူး။ လေယာဉ်သံကြားရင် ညီမလေးတို့ အောက်ကို ဆင်းပြေးရတယ်။ အသံအကျယ်ကြီးလာရင် ဗုံးခိုကျင်းထဲ ဝင်ပြေးရတယ်။ အပြင်မှာ ဝပ်နေရတယ်။ အဲ့တော့ တရက် တရက်လာရင် ညအိပ်ဖို့ အခြေအနေက တော်တော်လေး ကြောက်ရတဲ့ အခြေအနေပါ။ ညီမလေးတို့စိတ်ဆိုရင် ဘယ်နေ့ သေရမယ်မှန်းမသိ အဲ့လိုမျိုးစိတ်တွေနဲ့နေနေရတာ။ ဒီတခေါက်ချတဲ့ အချိန်မှာ မပါသွားရင် နောက်တခါဘယ်ချိန်လာပြီး ဗုံးချရင်ပါသွားမလဲဆိုတဲ့စိတ်နဲ့ ကြောက်စိတ်တွေနဲ့ အများကြီး နေနေရတာ။”
အလားတူ နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီခွဲလောက်မှာ မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက်၊ ငွေတောင်ပေါက်အနီးက ယာယီဆေးကုခန်း၊ သားဖွားဆောင်နဲ့ အနီးတဝိုက်ကို စစ်အာဏာရှင်တပ်က ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့်မွေးကင်းစကလေးငယ် တယောက်အပါအဝင် ပြည်သူ ၅ ယောက်သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဆေးဝန်ထမ်းတချို့လည်း ဒဏ်ရာရရှိခဲ့ ပါတယ်။ ဆေးခန်းအဆောင်တွေနဲ့ လူနေအိမ်တချို့လည်း ပျက်စီးဆုံးရှံးခဲ့ပါတယ်။
ဒါ့အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ရွာကို ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဝီရဌာနေမြို့ပေါ်နဲ့ ရွာချောင်းကြီးကျေးရွာကိုလည်း ဗုံးထပ်မံကြဲချတဲ့အတွက် အရပ်သားပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ခုလို အရပ်သားပြည်သူတွေ ဆေးလာကုတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ လူမဆန်တဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ဒေသတွင်းလူမှုကူညီရေး လုပ်ဆောင်နေတဲ့ ဆရာဝေဟင်အောင်က ပြောပါတယ်။
“မနေ့ကဆိုလို့ရှိရင် မြောက်ဦးမြို့ပေါ်မှာ ကလေးမွေးဖွားတဲ့ ယာယီဆေးရုံကို သူတို့ပစ်ခတ်ခဲ့တဲ့ ဟာရှိတယ်ဗျ။ အဲ့ဒီမှာ ပွဲချင်းပြီး ၄ ဦးသေဆုံးတယ်။ နောက်ထပ် ရက်ပိုင်းသာသာလောက်ပဲရှိတဲ့ ကလေးလေးတဦးက လန့်ဖျပ်ပြီးတော့သေသွားတဲ့ဟာရှိတယ်ဗျ။ အခုဆိုရင် ပြည်သူတွေအနေနဲ့ ဆေကုဖို့တောင်မှ တော်တော်လေးကို အခက်အခဲဖြစ်လာပြီပေါ့နော် ။ အရေးတကြီးကတော့ ကျနော်တို့ဒီဆေးဝါးတွေပါ။ ပြီးတော့ တခြား အထောက်အကူပစ္စည်းတွေပေါ့နော် ဓာတ်မှန်တို့ ၊ အာထရာဆောင်းတို့ ဒီခွဲခန်းမှာသုံးတဲ့ပစ္စည်းတွေကတော့ အမှန်တကယ် အရေးပေါ် လိုအပ်နေပါတယ်။ တနေရာနဲ့ တနေရာကိုရွှေ့ပြောင်းရပြီဆိုတော့ တော်တော်လေးကို အခက်အခဲ ဖြစ်တာပေါ့နော်။ ပြောမယ်ဆိုရင် နောက်ထပ်လုံခြုံတဲ့နေရာကိုလိုက်ရှာ အဲ့နေရာမှာ ပြန်ပြီးတည်ဆောက်ဆိုတော့ အချိန်လေးတော်တော် ကြန့်ကြာသွားတယ်။ အရေးပေါ်ကာလကတော့ လိုအပ်ချက်တွေက အများကြီးဖြစ်သွားတယ်။”
နိုင်ငံတဝန်းမှာ စစ်ရှုံးနေတဲ့ စစ်အာဏာရှင်တပ်က စစ်ဘက်နဲ့မသက်ဆိုင်တဲ့ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ ဈေး၊ ဘာသာရေးအဆောက်အုံ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေထူထပ်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ကာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်နေတယ်လို့ အာရက္ခတပ်တော် (AA) ကလည်း ဆိုထားပါတယ်။











