DVB Logo
Home
Lead Story
နောက်ဆုံးမှာတော့ မြန်မာ့တော်လှန်ရေးအတွက် ညီညွတ်တဲ့ တပ်ပေါင်းစုကြီးတခု ရရှိလာပါပြီ
DVB
·
August 18, 2026
နောက်ဆုံးမှာတော့ မြန်မာ့တော်လှန်ရေးအတွက် ညီညွတ်တဲ့ တပ်ပေါင်းစုကြီးတခု ရရှိလာပါပြီ
Donate to DVB

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ အဲဒီအချိန်က ကျနော်ဟာ ရန်ကုန်ဆေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ နေ့ချင်းညချင်းပဲ ကျနော်ဟာ တော်လှန်ရေးလှုပ်ရှားမှုမှာ တက်ကြွလှုပ်ရှားသူတယောက် ဖြစ်လာခဲ့ပါတယ်။ အခန်းကဏ္ဍ အမျိုးမျိုးကနေလည်း ပါဝင်ခဲ့ပါတယ်။ သန်းနဲ့ချီတဲ့ ပြည်သူတွေလိုပဲ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေမှာ ကျနော် ပါဝင်ခဲ့ပါတယ်။ အဲဒီအပြင် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ကို ဦးဆောင်ဖို့လည်း ကူညီပေးခဲ့ပါတယ်။

ဒီလို ပါဝင်လှုပ်ရှားမှုတွေကြောင့် သိပ်မကြာခင်မှာပဲ ကျနော်ဟာ အလိုရှိသူစာရင်း (Wanted) ထဲ ပါလာခဲ့ပါတယ်။ ဒါကြောင့် အိမ်နီးချင်း နိုင်ငံတခုကို ထွက်ပြေးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဥရောပမှာ ခိုလှုံခွင့်ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ၂၀၂၁ ခုနှစ် ဧပြီလမှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအစိုးရအဖွဲ့မှာ ကျနော်ဟာ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

အဲဒီအချိန်ကစပြီး ဒီလှုပ်ရှားမှုကြီးကို "မြန်မာ့နွေဦးတော်လှန်ရေး" လို့ လူသိများလာပါတယ်။ ဒီတော်လှန်ရေးရဲ့ အောင်ပွဲတွေရော၊ အခက်အခဲ ဆုတ်ယုတ်မှုတွေကိုပါ ကျနော် ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ကြုံခဲ့ရပါတယ်။ နိုင်ငံရပ်ခြားမှာ နေထိုင်ရစဉ်အတွင်း နိုင်ငံခြားအစိုးရတွေ၊ ပြည်ပရောက် မြန်မာအသိုက်အဝန်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံခွင့်ရခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ မြန်မာနိုင်ငံကို ကျနော် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အခုအချိန်မှာတော့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတခုမှာ  ကျနော် အခြေစိုက် နေထိုင်နေပါတယ်။

ဒီလို အခြေအနေတွေကြားမှာပဲ မကြာသေးခင်က ညွန့်ပေါင်းအဖွဲ့သစ်တခုကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အဲဒါကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ပဲ ဖြစ်ပါတယ်။ ဒီကောင်စီ ဖွဲ့စည်းနိုင်မှုဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းကစရင် မြန်မာ့တော်လှန်ရေးအတွက် အရေးအပါဆုံး အချိုးအကွေ့တခု ဖြစ်လာမယ်လို့ ကျနော် ယုံကြည်ပါတယ်။

တချို့ကတော့ SCEF ဆိုတာ အမည်သစ်၊ အတိုကောက်စာလုံး အသစ်တခု သက်သက်ပါပဲလို့ ပေါ့ပေါ့တန်တန် ပြောကြပါတယ်။ တကယ်တော့ ဒါဟာ လုံးဝ မမှန်ပါဘူး။ ဒီကောင်စီဟာ မြန်မာ့ခေတ်သစ်သမိုင်းမှာ အကျိုးသက်ရောက်မှု အကြီးမားဆုံးသော နိုင်ငံရေးနဲ့ စစ်ရေး ပူးပေါင်းမှုတခု ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ တိုက်ပွဲမှာ အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေတဲ့ အဓိက အားနည်းချက်တခု ရှိပါတယ်။ အဲဒါကတော့ တော်လှန်ရေး အင်အားစုတွေကြားမှာ ခိုင်မာတဲ့ နိုင်ငံရေးနဲ့ စစ်ရေး တပ်ပေါင်းစုကြီးတခု ရေရှည် မတည်တံ့နိုင်ခဲ့ခြင်းပါပဲ။ လူမျိုးရေးနဲ့ သဘောတရားရေးရာ ကွဲပြားမှုတွေကြောင့် ဒီလို ဖြစ်ခဲ့ရတာပါ။ အခုဖွဲ့စည်းလိုက်တဲ့ ကောင်စီကတော့ ဒီအားနည်းချက်ကို အကောင်းဆုံး ဖြေရှင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဒီဦးဆောင်ကောင်စီမှာ မြန်မာနိုင်ငံရဲ့ အင်အားအကြီးဆုံးနဲ့ နိုင်ငံရေးအရ အရေးအပါဆုံး တော်လှန်ရေး အင်အားစုတွေ အတူတကွ ပါဝင်လာကြပါတယ်။ အဲဒီအဖွဲ့တွေကတော့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ NUG အစိုးရတို့လည်း ပါဝင်ပါတယ်။ ဒီလောက် ကျယ်ကျယ်ပြန့်ပြန့် စုစည်းပါဝင်လာမှုမျိုးဟာ မြန်မာ့သမိုင်းမှာ အရင်က တခါမှ မရှိခဲ့ဖူးပါဘူး။

ဆယ်စုနှစ်ပေါင်းများစွာ တလျှောက်လုံး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ (EROs) ဟာ အမှန်တရားတခုကို နားလည်ထားခဲ့ကြပါတယ်။ အဲဒါကတော့ ဘယ်အဖွဲ့ကမှ စစ်တပ်ကို တယောက်တည်း အနိုင်မတိုက်နိုင်ဘူး ဆိုတာပါပဲ။ ဒါကြောင့် ခိုင်မာတဲ့ မဟာမိတ်အဖွဲ့တွေ တည်ဆောက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ယုံကြည်မှု ကင်းမဲ့တာ၊ အကျိုးစီးပွားချင်း ပွတ်တိုက်တာတွေ ရှိခဲ့ပါတယ်။ အဲဒီအပြင် လူမျိုးရေး ကွဲပြားမှုတွေနဲ့ ပြင်ပဖိအားတွေကြောင့်လည်း အဲဒီမဟာမိတ်အဖွဲ့တွေ ပြိုကွဲခဲ့ရပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာတော့ ERO တွေဟာ မှတ်တမ်းတင်လောက်တဲ့ စစ်ရေးအောင်ပွဲတွေ ရရှိခဲ့ပါတယ်။ ဒီလိုအောင်ပွဲတွေ ရရှိတာဟာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ "နွေဦးတော်လှန်ရေး" ကြီးကြောင့် ဖြစ်တယ်ဆိုတာကို ERO တော်တော်များများက အသိအမှတ်ပြု လက်ခံလာကြပါတယ်။ နွေဦးတော်လှန်ရေးသာ မရှိခဲ့ရင် ဒီအောင်ပွဲတွေ ရလာနိုင်စရာ အကြောင်းမရှိဘူးလို့လည်း သူတို့ နားလည်လာကြပါတယ်။ ဒီတော်လှန်ရေးကပဲ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို အခြေခံကစပြီး ပြောင်းလဲပစ်ခဲ့တာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် အရေးအခင်းအပြီးမှာလည်း ညီညွတ်ရေးအတွက် ကြီးမားတဲ့ ကြိုးပမ်းမှုတခု လုပ်ခဲ့ဖူးပါတယ်။ အဲဒါကတော့ မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (DAB) ဖွဲ့စည်းခြင်းပါပဲ။ ဒီမဟာမိတ်အဖွဲ့က KNU၊ KIO နဲ့ ကျောင်းသားတပ်မတော် (ABSDF) အပါအဝင် တခြားအဖွဲ့အစည်း အတော်များများကို ဘုံဖက်ဒရယ် ရည်မှန်းချက်တခုအောက်မှာ စုစည်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၄ ခုနှစ်မှာ KIO က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဒီမဟာမိတ်အဖွဲ့ကြီး ပြိုကွဲသွားခဲ့ရပါတယ်။

နောက်ပိုင်းပေါ်လာတဲ့ ERO မဟာမိတ်အဖွဲ့တွေမှာတော့ အားနည်းချက်တွေ ရှိခဲ့ပါတယ်။ ဗမာလူများစု ပါဝင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ထည့်သွင်းပြီး အားလုံးပါဝင်တဲ့ ဖက်ဒရယ် နိုင်ငံရေးမူဘောင်တခု တည်ဆောက်ဖို့ သူတို့ အာရုံမစိုက်နိုင်ခဲ့ကြပါဘူး။ စစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ နယ်မြေကာကွယ်ရေးကိုပဲ အဓိကထားခဲ့ကြပါတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ အောင်မြင်မှုဟာ အတိုင်းအတာတခုအထိပဲ ရှိခဲ့ပြီး ကန့်သတ်ချက်တွေ ရှိခဲ့ပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ ဦးဆောင်ကောင်စီကတော့ အရင်မဟာမိတ်အဖွဲ့တွေနဲ့ မတူပါဘူး။ နိုင်ငံရေးဦးဆောင်မှုနဲ့ စစ်ရေးညှိနှိုင်းမှုတွေကို စနစ်တကျ ပေါင်းစပ်ထားပါတယ်။ သက်တမ်းရင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီ တော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းစည်းပေးလိုက်တာပါ။ အဓိကအားဖြင့် NUG နဲ့ CRPH တို့ ပါဝင်လာတာ ဖြစ်ပါတယ်။

ဒီလို ပေါင်းစည်းလိုက်နိုင်တဲ့အတွက် နိုင်ငံခြားအရာရှိတွေရဲ့ မေးခွန်းတခုကိုလည်း လက်တွေ့ ဖြေရှင်းပြနိုင်ခဲ့ပါတယ်။ နိုင်ငံခြားအရာရှိတွေနဲ့ တွေ့ဆုံတိုင်း ကျနော့်ကို အကြိမ်ကြိမ် မေးလေ့ရှိတဲ့ မေးခွန်းတခု ရှိပါတယ်။ အဲဒါကတော့ "မြန်မာနိုင်ငံက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖရိုဖရဲ စုစည်းမှုတခုအဖြစ်ပဲ ဆက်ရှိနေမလား။ (သူတို့က နိုင်ငံရေး ရည်မှန်းချက် ကိုယ်စီနဲ့ သွားနေကြတာမို့လို့ပါ။) ဒါမှမဟုတ်ရင် တစည်းတလုံးတည်းရှိတဲ့ တနိုင်ငံလုံးအဆင့် အစားထိုး အင်အားစုကြီးတစ်ခုအဖြစ် ပြောင်းလဲလာနိုင်သလား" ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ အခုတော့ ဒီကောင်စီက အဲဒီမေးခွန်းအတွက် အကောင်းဆုံး အဖြေဖြစ်လာပါပြီ။

စစ်အာဏာရှင်စနစ် ပြိုကျသွားရင် လစ်ဗျားဒါမှမဟုတ် ဆီးရီးယား တို့လို ပဋိပက္ခလွန်ကာလ အကွဲကွဲအပြားပြား ဖြစ်သွားမဲ့ အခြေအနေမျိုးကို တချို့က စိုးရိမ်ခဲ့ကြပါတယ်။ အခု ဦးဆောင်ကောင်စီ ပေါ်ထွက်လာမှုက အဲဒီစိုးရိမ်ပူပန်မှုတွေကို အများကြီး လျှော့ချပေးနိုင်ပါလိမ့်မယ်။

ဦးဆောင်ကောင်စီဟာ ရေရှည်တည်တံ့ဖို့ ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ SCEF ကို ဖွဲ့စည်းနိုင်ဖို့ နှစ်နဲ့ချီပြီး အချိန်ယူခဲ့ရပါတယ်။ ဆွေးနွေးပွဲတွေကို ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ စတင်ခဲ့တာပါ။ ဥရောပမှာ လျှို့ဝှက်တွေ့ဆုံမှုတွေနဲ့ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မြန်မာပြည်တွင်းနဲ့ အိမ်နီးချင်း နိုင်ငံတွေမှာပါ ဆွေးနွေးညှိနှိုင်းမှုတွေ အဆက်မပြတ် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကနေတဆင့် ဒီကောင်စီကို အကောင်အထည်ဖော်ခဲ့တာပါ။

ဒီလုပ်ငန်းစဉ်ဟာ နှေးကွေးပါတယ်။ သေချာစဉ်းစား တိုင်ပင်ခဲ့ရပါတယ်။ ဒီလိုဖြစ်ရတာဟာ အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှု တည်ဆောက်ရတာ ဘယ်လောက်ခက်ခဲတယ် ဆိုတာကို ထင်ဟပ်နေပါတယ်။ အကြောင်းအရင်းကတော့ အဖွဲ့အစည်းတိုင်းမှာ မတူညီတဲ့ နိုင်ငံရေးယဉ်ကျေးမှုတွေ၊ စစ်ရေးတည်ဆောက်ပုံတွေ ရှိနေလို့ပါ။ ဒါ့အပြင် သမိုင်းကြောင်းအရ နာကြည်းချက်တွေလည်း ကိုယ်စီ ရှိနေကြလို့ပဲ ဖြစ်ပါတယ်။

ပထမခြေလှမ်းအနေနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အဖွဲ့ ၄ ဖွဲ့က သဘောထားထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအဖွဲ့တွေကတော့ CNF, KNU, Karenni နဲ့ NUG တို့ပဲ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်နာမည်ကတော့ "စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဘုံသဘောထား ရပ်တည်ချက်" ဖြစ်ပါတယ်။ ဒီစာတမ်းကို K2C-NUG ရပ်တည်ချက် သဘောတူညီချက်လို့ အလွတ်သဘော လူသိများပါတယ်။ အဲဒီစာတမ်းမှာ နိုင်ငံရေး ရည်မှန်းချက် ၆ ရပ်ကို ဖော်ပြထားပါတယ်။ ဒီရည်မှန်းချက်တွေဟာ အခု ဦးဆောင်ကောင်စီရဲ့ ရည်မှန်းချက်တွေနဲ့ အတော်လေး ဆင်တူပါတယ်။

အခုဆိုရင် KIO ကပါ ဦးဆောင်ကောင်စီမှာ တရားဝင် ပါဝင်လာပါပြီ။ ဒါဟာ မဟာမိတ်တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ ကြီးမားတဲ့ အောင်မြင်မှုတခု ဖြစ်ပါတယ်။ ဒါ့အပြင် နောင်မှာ တခြား တိုင်းရင်းသား အဖွဲ့အစည်းတွေ ထပ်မံပါဝင်လာနိုင်ဖို့အတွက် လမ်းပြမြေပုံတခု ဖန်တီးပေးလိုက်တာလည်း ဖြစ်ပါတယ်။

တခြား ERO တော်တော်များများနဲ့လည်း ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ နားလည်မှုတွေနဲ့ မူဘောင်တွေကို တည်ဆောက်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဆွေးနွေးမှုတွေဟာ အကဲဆတ်တဲ့ သဘောသဘာဝ ရှိပါတယ်။ ဒါကြောင့် လောလောဆယ်မှာတော့ အသေးစိတ် အချက်အလက်တွေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။

ဒီဦးဆောင်ကောင်စီကို နှစ်နဲ့ချီ အချိန်ယူ တည်ဆောက်ခဲ့တာပါ။ စိတ်ရှည်သည်းခံမှုရှိတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကနေတဆင့် တဖြည်းဖြည်းချင်း သဘောတူညီမှု ရယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အရင်မဟာမိတ်အဖွဲ့တွေထက် ပိုပြီး ရေရှည်တည်တံ့ခိုင်မြဲနိုင်ခြေ ရှိပါတယ်။

ကောင်စီရဲ့ အဖွဲ့အစည်း တည်ဆောက်ပုံဒီဇိုင်းဟာလည်း စနစ်ကျပါတယ်။ အရင်က မဟာမိတ်အဖွဲ့တွေမှာ မတွေ့ရတဲ့ အဖွဲ့အစည်းဆိုင်ရာ ရင့်ကျက်မှုအဆင့်တခုကို ပြသနေပါတယ်။ SCEF ဟာ စစ်ကာလ တော်လှန်ရေးကိုရော၊ နောက်ဆက်တွဲ နိုင်ငံရေး အကူးအပြောင်းကိုပါ ဦးဆောင်နိုင်စွမ်း ရှိပါတယ်။ ဒီလို ရေရှည် အဖွဲ့အစည်းတခု ဖြစ်လာဖို့ ရည်ရွယ်ချက်ရှိရှိ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

ဦးဆောင်ကောင်စီ၏ တည်ဆောက်ပုံ

SCEF ရဲ့ အမြင့်ဆုံးအဆင့်မှာ မဟာဗျူဟာ ခေါင်းဆောင်မှု ကော်မတီ (Strategic Leadership Committee) ရှိပါတယ်။ အဲဒီကော်မတီကို ကိုယ်စားလှယ် ၇ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ အဖွဲ့ဝင်အဖွဲ့အစည်း အသီးသီးက အဆင့်မြင့် ကိုယ်စားလှယ်တဦးစီ ပါဝင်တာ ဖြစ်ပါတယ်။

ဒီကော်မတီရဲ့ အောက်မှာတော့ အတွင်းရေးမှူးအဖွဲ့ရှိပါတယ်။ အတွင်းရေးမှူးအဖွဲ့ကို အဆင့်မြင့်အရာရှိ ၁၂ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့ကို လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခွင့် အပြည့်အဝ ပေးထားပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ မိခင်အဖွဲ့အစည်းတွေကို အချိန်ပြည့် ပြန်လည်မေးမြန်းနေစရာ မလိုတော့ပါဘူး။

တော်လှန်ရေး လှုပ်ရှားမှုကြီးထဲမှာ အကွဲကွဲအပြားပြား ဖြစ်နေတယ်၊ ဆုံးဖြတ်ချက်ချတာ နှေးကွေးတယ်လို့ မကြာခဏ ဝေဖန်ခံရလေ့ ရှိပါတယ်။ ဒါကြောင့် ပူးပေါင်းညှိနှိုင်းမှုတွေကို ချောမွေ့မြန်ဆန်လာအောင် အခုလို ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းဖွဲ့စည်းထားတာပါ။ အဲဒီ အတွင်းရေးမှူးအဖွဲ့ဝင် ၁၂ ဦးထဲမှာ ကျနော်လည်း တဦးအပါအဝင် ဖြစ်ပါတယ်။

အတွင်းရေးမှူးအဖွဲ့ကို ပံ့ပိုးကူညီပေးဖို့ သီးသန့် ကော်မတီတွေလည်း ရှိပါတယ်။ အဲဒါတွေကတော့ နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊ ဖက်ဒရယ်ရေးရာ၊ လုံခြုံရေးနဲ့ ပြည်ထဲရေးရာ ကော်မတီတွေ ဖြစ်ပါတယ်။ ဒီကော်မတီတွေဟာ အရင်းအမြစ်တွေနဲ့ ရန်ပုံငွေတွေကို မျှမျှတတ ခွဲဝေသုံးစွဲနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်သွားမှာပါ။ ဒါ့အပြင် ဦးဆောင်ကောင်စီအနေနဲ့ နိုင်ငံတကာ စင်မြင့်မှာ တသံတည်းထွက်တဲ့ ညီညွတ်တဲ့ အဖွဲ့အစည်းတခုအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

အတွင်းရေးမှူးအဖွဲ့နဲ့အပြိုင် ဖွဲ့စည်းထားတဲ့ အဖွဲ့တခုလည်း ရှိပါတယ်။ အဲဒါကတော့ စစ်ရေးပူးပေါင်းညှိနှိုင်းမှုအဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို အဖွဲ့ဝင်အဖွဲ့အစည်း အသီးသီးက အဆင့်မြင့် တပ်မှူး ၁၀ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ သူတို့က စစ်ဆင်ရေးတွေ၊ လက်နက်တပ်ဆင်ရေးနဲ့ ထောက်ပို့ကိစ္စတွေကို တာဝန်ယူရပါတယ်။ အဲဒီအဖွဲ့ဟာ မဟာဗျူဟာ ခေါင်းဆောင်မှု ကော်မတီဆီကို တိုက်ရိုက် အစီရင်ခံရပါတယ်။

မြန်မာ့တော်လှန်ရေး သမိုင်းတလျှောက်မှာ ကြီးမားတဲ့ လိုအပ်ချက်တခု ရှိခဲ့ပါတယ်။ အဲဒါကတော့ စစ်ဆင်ရေးတွေနဲ့ တိုက်ရိုက်ချိတ်ဆက်နေတဲ့ ညီညွတ်တဲ့ နိုင်ငံရေးဦးဆောင်မှု ဆိုတာပါပဲ။ တကယ်တော့ အခုဖွဲ့စည်းလိုက်တဲ့ ဦးဆောင်ကောင်စီဟာ အဲဒီလိုအပ်ချက်ကို စနစ်တကျ အသက်သွင်းလိုက်တာပဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စာရင် ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အဓိကကျတဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ အတူတကွ ပေါင်းစပ်နိုင်ခဲ့ပါပြီ။ အမျိုးသားရေး မျှော်မှန်းချက်တွေ ပါဝင်တဲ့ ခိုင်မာတဲ့ နိုင်ငံရေးနဲ့ စစ်ရေး မူဘောင်တခုကို ဖန်တီးနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။

လက်ရှိ မြန်မာ့တော်လှန်ရေး အခင်းအကျင်းဟာ ထူးထူးခြားခြား ရှုပ်ထွေးနေဆဲ ဖြစ်ပါတယ်။ အင်အားကြီးမားတဲ့ ပြင်ပနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေလည်း ရှိနေနိုင်ပါတယ်။ သူတို့အနေနဲ့ မဟာမိတ်အဖွဲ့ ကျယ်ပြန့်လာဖို့နဲ့ ခိုင်မာလာဖို့ ကြိုးပမ်းမှုတွေကို အဟန့်အတား ဖြစ်အောင် လုပ်လာနိုင်ပါသေးတယ်။ မဟာမိတ်အဖွဲ့ဝင်တွေ အနေနဲ့ ဒီစိန်ခေါ်မှုတွေကို အပြည့်အဝ သတိပြုမိထားကြပါတယ်။

ကျနော်တို့အပေါ် ယုံကြည်လာအောင် ဘယ်လိုတည်ဆောက်ရမလဲ ဆိုတာကိုလည်း နားလည်ထားပါတယ်။ စစ်မြေပြင်မှာ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ပြရပါမယ်။ တိုင်းတာလို့ရတဲ့ တိုးတက်မှုတွေကို ပြသနိုင်ရပါမယ်။ ပြည်ပမှာလည်း ဟန်ချက်ညီတဲ့ သံတမန်ရေးရာ ဆောင်ရွက်နိုင်မှုတွေကို လက်တွေ့ပြသနိုင်ရပါမယ်။ ဒါတွေလုပ်နိုင်မှသာ ကျနော်တို့ရဲ့ ယုံကြည်ရမှုကို အဆုံးအဖြတ်ပေးသွားမယ် ဆိုတာကို ကောင်းကောင်း သဘောပေါက်ထားပါတယ်။

ဦးဆောင်ကောင်စီ ကိုယ်စားလှယ်တချို့ဟာ နိုင်ငံခြား အစိုးရတွေကို ရှင်းလင်းတင်ပြဖို့ နိုင်ငံခြားမြို့တော်တချို့ကို သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ် သွားရောက်ဖို့ အစီအစဉ်တွေလည်း ရှိပါတယ်။ မကြာသေးခင်ကပဲ ထိုင်းနိုင်ငံမှာ ရှင်းလင်းတင်ပြပွဲတခု လုပ်ခဲ့ပါတယ်။ အဲဒီပွဲကို သံတမန်တွေနဲ့ ရွေးချယ်ထားတဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တချို့ တက်ရောက်ခဲ့ကြပါတယ်။ တက်ရောက်လာသူ အများစုဆီကနေ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေကို ရရှိခဲ့ပါတယ်။ သူတို့ရဲ့ အကောင်းမြင်မှုတွေကို ကြားသိခဲ့ရတဲ့အတွက် ကျနော်တို့ အများကြီး အားတက်ခဲ့ရပါတယ်‌ေ

စစ်တပ်၏ အစိုးရသစ်က ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးမည် မဟုတ်ပါ

စစ်ကောင်စီဟာ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အတုအယောင် ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ ဧပြီလမှာ အရပ်သားအစိုးရအဖြစ် အမည်ပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ခန့်အပ်လိုက်တဲ့ သမ္မတသစ် ဆိုတာကလည်း အရင်စစ်ကောင်စီ အကြီးအကဲပဲ ဖြစ်နေပါတယ်။ အာဏာရပါတီကိုလည်း စစ်အရာရှိဟောင်းတွေနဲ့ စစ်တပ်အလိုတော်ရိတွေကပဲ လွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။

ဒီလို ဟန်ပြ စီစဉ်ဖန်တီးမှုတွေဟာ ပြည်သူတွေရဲ့ မျှော်မှန်းချက်တွေနဲ့ လုံးဝ ဆန့်ကျင်နေပါတယ်။ တိုင်းရင်းသား လူမျိုးစုအားလုံးက လွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့ တန်းတူညီမျှရေးကိုပဲ လိုလားကြတာပါ။ ဒါကြောင့် စစ်ကောင်စီရဲ့ ဒီလုပ်ရပ်တွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဘယ်လိုမှ ယူဆောင်လာပေးနိုင်မှာ မဟုတ်ပါဘူး။

နိုင်ငံရဲ့ နယ်မြေအတော်များများကို ထိန်းချုပ်ထားတဲ့ အဓိက ERO တွေဟာ လက်ရှိမှာ ဦးဆောင်ကောင်စီရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။ သူတို့အားလုံးက အဲဒီစစ်ကောင်စီ အစိုးရသစ်ကို ပယ်ချထားကြပါတယ်။ မြန်မာနိုင်ငံ အနောက်ပိုင်းမှာဆိုရင် ရက္ခိုင့်တပ်တော် (AA) က နယ်မြေအမြောက်အမြားကို ထိန်းချုပ်ထားပါတယ်။ သူတို့ဟာ စစ်တပ်အပေါ် ကြီးမားတဲ့ ထိုးစစ်ဆင်မှုတွေကို ဆက်လက်ဆင်နွှဲနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာလည်း ကျယ်ပြန့်တဲ့ နယ်မြေတွေကို တခြား ERO တချို့က အုပ်ချုပ်နေပါတယ်။ သူတို့ဟာ ၂၀၂၃ နှောင်းပိုင်းနဲ့ ၂၀၂၄ ခုနှစ်အတွင်း ဆင်နွှဲခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ဒါပေမဲ့ ပြင်ပဖိအားတွေ ရှိနေတဲ့အတွက် လောလောဆယ်မှာတော့ တိုက်ပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်နေတာမျိုး မရှိသေးပါဘူး။

လက်ရှိ အစိုးရသစ် (စစ်ကောင်စီ) ဟာ မြို့ကြီးပြကြီး အနည်းငယ်ကိုပဲ ထိန်းချုပ်နိုင်တော့တာပါ။ ဒါကြောင့် သူတို့ကပဲ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆောင်ကြဉ်းပေးနိုင်တယ် ဆိုတဲ့ ပြောဆိုချက်ဟာ လုံးဝ ယုတ္တိမတန်ပါဘူး။ မြန်မာနိုင်ငံကို နေပြည်တော် တနေရာတည်းကနေ အုပ်ချုပ်နေတာ မဟုတ်တော့ပါဘူး။ နိုင်ငံရဲ့ နေရာအတော်များများမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက အုပ်ချုပ်ရေး ယန္တရားတွေကို လည်ပတ်ပေးနေကြပါပြီ။ ဒေသန္တရ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ တခြား အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေကို ကိုယ်တိုင် ဖော်ဆောင်ပေးနေကြပြီ ဖြစ်ပါတယ်။

အခုလို ဦးဆောင်ကောင်စီ ပေါ်ထွက်လာတာဟာ မြန်မာ့တော်လှန်ရေးရဲ့ တိုးတက်မှုကို အထင်ရှားဆုံး ပြသလိုက်တာပဲ ဖြစ်ပါတယ်။ အရင်ကတော့ အာဏာသိမ်းမှုကို တုံ့ပြန်တဲ့ လှုပ်ရှားမှုအဆင့်ပဲ ရှိခဲ့ပါတယ်။ အခုအချိန်မှာတော့ ပိုမိုစနစ်ကျတဲ့ အမျိုးသားအဆင့် ညွန့်ပေါင်းအဖွဲ့ကြီးတခုအဖြစ်ကို ပြောင်းလဲရောက်ရှိလာပါပြီ။ ဒီအဖွဲ့ကြီးဟာ အာဏာရှင်ခေတ်အလွန် ဖက်ဒရယ်စနစ်သစ်ကို ကောင်းကောင်း ပုံဖော်ပေးနိုင်စွမ်း ရှိပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက အကြိမ်ကြိမ် ဘုန်းဘုန်းလဲခဲ့ရပါတယ်။ စစ်တပ်အာဏာသိမ်းမှုတွေ ခံခဲ့ရသလို၊ အလွယ်တကူ ပျက်စီးနိုင်တဲ့ အပစ်အခတ်ရပ်စဲရေးတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ အတုအယောင် အရပ်သားအစိုးရတွေနဲ့ ၇၅ ရာခိုင်နှုန်း ဒီမိုကရေစီ ခေတ်ကာလတွေကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။ အခုတော့ ဒီလိုနိုင်ငံမျိုးရဲ့ အနာဂတ်အတွက် ဦးဆောင်ကောင်စီက ကြိုးပမ်းနေပါတယ်။ ကဏ္ဍတော်တော်များများမှာ အဖွဲ့အစည်းဆိုင်ရာ အခြေခံအုတ်မြစ်တွေကို ခိုင်ခိုင်မာမာ ချမှတ်ပေးနေပြီ ဖြစ်ပါတယ်။

ဦးဆောင်ကောင်စီဟာ မြန်မာပြည်သူတွေအတွက် ဆယ်စုနှစ်တွေအတွင်း အကောင်းဆုံး အခွင့်အရေးတခုကို ဖန်တီးပေးနေပါတယ်။ အဲဒါကတော့ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်နိုင်မဲ့ အခွင့်အရေးပါပဲ။ အဆုံးမရှိတဲ့ ပဋိပက္ခတွေအစား နိုင်ငံရေးစနစ်သစ်တခုနဲ့ အစားထိုးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အဲဒီစနစ်သစ်ကနေ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့ တန်းတူညီမျှမှုတွေကို ဖော်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းအတွက်လည်း ဒါဟာ ရှားပါးတဲ့ အခွင့်အရေးတခု ဖြစ်လာပါတယ်။ ပိုမို ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းရှိပြီး နိုင်ငံရေးအရ ဟန်ချက်ညီတဲ့ တော်လှန်ရေးအင်အားစုကြီးတခုနဲ့ ထိတွေ့ဆက်ဆံခွင့် ရလာတာပါ။ ဒီအင်အားစုကြီးဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ခိုင်မာတဲ့ သန္နိဋ္ဌာန် ချမှတ်ထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသာမက ပိုမိုကျယ်ပြန့်တဲ့ ဒေသတခုလုံးအတွက်ပါ ရေရှည်တည်ငြိမ်မှုနဲ့ သာယာဝပြောမှုကို ဆောင်ကြဉ်းပေးနိုင်စွမ်း ရှိပါတယ်။

ဇော်ဝေစိုး 

Ref: The Diplomat 

(The Diplomat  မဂ္ဂဇင်းဝက်ဘ်ဆိုက်တွင် ဒေါက်တာဇော်ဝေစိုး ရေးသားထားသည့်  “Myanmar’s Resistance Finally Has a Unified Front” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013