
အမေရိကန်- ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ဂျိမ်းစ်စတော့ဒေးလ်ဟာ ဗီယက်နမ်စစ်သည်တွေရဲ့ ဖမ်းဆီးတာခံရပြီး စစ်သုံ့ပန်းဖြစ်သွားခဲ့ပါတယ်။ စစ်သုံ့ပန်းစခန်းရောက်တော့ သူ့လိုပဲ အဖမ်းခံထားကြရတဲ့ အမေရိကန်စစ်သည်တွေကို သူ တွေ့ရပါတယ်။ စခန်းရောက်တဲ့အချိန်ကစပြီးစတော့ ဒေးလ်က သူ့ရဲဘော်ရဲဘက် စစ်သုံ့ပန်းတွေရဲ့ အခြေအနေအသေးစိတ်ကို သေသေချာချာ စူးစမ်းလေ့လာခဲ့ပါတယ်။
အဲသလို စူးစမ်းလေ့လာတဲ့အခါ သူတွေ့ရှိလာတဲ့အချက်တခုက ဒီလိုပါ။ စစ်သုံ့ပန်းတချို့ဟာ အကျဥ်းစခန်းထဲရောက်ရှိလာခဲ့ပြီးနောက် သိပ်မကြာမီမှာ သူတို့ကို ဗီယက်နမ်အာဏာပိုင်တွေက မကြာခင် ပြန်လွှတ်ပေးလိမ့်မယ်လို့ ထင်မြင်ယူဆခဲ့ကြပါတယ်။ သူတို့က ခရစ္စမတ်နေ့ကျရင် လွတ်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ခရစ္စမတ်နေ့ကျော်သွားပြီး မလွတ်တဲ့အခါ အီစတာပွဲတော်ကျရင် လွတ်လိမ့်မယ်လို့ မျှော်လင့်ကြ ပြန်ပါတယ်။ အီစတာပွဲတော်မှာလည်း မလွတ်တဲ့အခါ ကျေးဇူးတော်နေ့ကျရင် လွတ်လိမ့်မယ်လို့ ထပ်ပြီး မျှော်လင့်ကြပြန်ပါတယ်။ ကျေးဇူးတော်နေ့မှာလည်း သူတို့မလွတ်ကြပါဘူး။ ဒီလိုနဲ့ နောက်နှစ် ခရစ္စမတ်နေ့ ရောက်လာပါတယ်။ အဲဒီအချိန်မှာ ဟိုနေ့လွတ်မယ်၊ ဒီ နေ့လွတ်မယ်လို့ မျှော်လင့်ခဲ့ကြသူတွေထဲက အများစုကြီး မရှိကြတော့ပါဘူး။ စိတ်ကျဝေဒနာနောက်ဆက်တွဲ ရောဂါတခုခု ခံစားရပြီး သေဆုံးသွားခဲ့ကြပြီဖြစ်ပါတယ်။ စတော့ဒေးလ် တွေ့ရှိခဲ့တဲ့အချက်က စစ်သုံ့ပန်းစခန်းမှာ နေခဲ့ရတဲ့ ကာလအတွင်း သေဆုံးသွားခဲ့ကြတဲ့ စစ်သုံ့ပန်းတွေထဲမှာ အဲဒီအမျိုးအစားအုပ်စုဟာ အစောဆုံးဖြစ်တယ်ဆိုတဲ့အချက်ပါ။
ဒီလိုဆိုရင် လွတ်မြောက်ရေးအတွက် ဘာမျှော်လင့်ချက်မှမထားဘဲ မိမိရောက်ရှိနေတဲ့၊ ရရှိနေတဲ့ ဘဝအခြေအနေအပေါ် အဆိုးမြင်စိတ် လွှမ်းမိုးနေသူတွေကရော။ သူတို့ရဲ့ ရှင်သန်မှု အခြေအနေက ဘယ်လိုရှိသလဲ။ စတော့ဒေးလ်ရဲ့ တွေ့ရှိချက်က အဲဒီအမျိုးအစားအုပ်စုဟာ အကျဥ်းစခန်းအတွင်း ဒုတိယအစောဆုံး သေဆုံးသွားခဲ့ကြတဲ့ အုပ်စုဖြစ်တယ်ဆိုတာပါပဲ။
အဲဒီအကျဥ်းသား အမျိုးအစားအုပ်စုနှစ်ခုကို သတ်လိုက်တာက အကျဥ်းစခန်းအတွင်း နေထိုင်စားသောက်ရတဲ့ အခြေအနေမဟုတ်ဘူး။ အဲဒီအခြေအနေက သူတို့အပေါ်မှကွက်ပြီး သက်ရောက်တာမဟုတ်ဘူး။ အကျဥ်းသားအားလုံးအပေါ် ယျေဘုယျသက်ရောက်တဲ့ အခြေအနေဖြစ်တယ်။ ဒါကြောင့် ပထမအုပ်စုကို သတ်လိုက်တာက အခြေအမြစ် ကင်းမဲ့တဲ့ သို့မဟုတ် နည်းပါးတဲ့ အရာတွေအပေါ် သူတို့ရဲ့မျှော်လင့်ချက်ကို တည် ဆောက်ထားခဲ့ကြခြင်း ဖြစ်တယ်။ ဒုတိယအုပ်စုကို သတ်လိုက်တာကတော့ အနာဂတ်အပေါ် သူတို့ရဲ့ ယုံကြည်မှုကင်းမဲ့ခြင်း ဖြစ်တယ်။
အဲဒီအတွေးအခေါ်အယူအဆကြောင့် သူတို့မှာ အနာဂတ်ဆိုတာမရှိတော့ဘူး။ အနာဂတ်မရှိတော့တဲ့ လူတယောက်အတွက် ဆက်လက်ရှင်သန်နေထိုင်ဖို့ ကြိုးစားခြင်းက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ အဲဒီအတွေးအခေါ်က သူတို့ကို သတ်လိုက်တာဖြစ်တယ်။ အဲဒါက စတော့ဒေးလ်ရဲ့ ကောက်ချက်ဖြစ်ပါတယ်။ စစ်သုံ့ပန်းဘဝကို အဆုံးအထိ လျှောက်လှမ်းပြီး လွတ်လပ်တဲ့လူသားဘဝကို ပြန်လည်ရယူနိုင်ခဲ့သူတွေကိုတော့ တတိယအုပ်စုလို့ ခေါ်ရလိမ့်မယ်လို့ စတော့ဒေးလ်က ပြောဆိုခဲ့ပါတယ်။
စတော့ဒေးလ်ကတော့ လူသားရဲ့ အခြေခံလွတ်လပ်ခွင့်အားလုံးနီးပါး ဆုံးရှုံးနေရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေအောက်မှာ ဆက်လက်ရှင်သန်နိုင်အောင် ကြိုးစားနေထိုင်ခဲ့ ပါတယ်။ သူက စစ်သုံ့ပန်းတွေ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးအတွက် အလွန်အရေးပါတဲ့ တဦးနဲ့တဦး အဆက်အသွယ်မပြတ်ရှိနေပြီး တဦးကိုတဦး အပြန်အလှန် အားပေးကူညီနိုင်မဲ့ ဆက်သွယ်ရေးကွန်ရက်ကြီးတခု ပေါ်ပေါက်လာအောင် ခက်ခက်ခဲခဲ ကြိုးစာ းတည်ဆောက်ခဲ့ပါတယ်။ သူ့ရဲ့ ပုဂ္ဂလိကပိုင်းအနေနဲ့လည်း စတော့ဒေးလ်က မူပေါ်မှာ ရပ်တည်နိုင်အောင်ကြိုးစားခဲ့ပါတယ်။ ဗီယက်နမ်တွေက သူတို့အနေနဲ့ စစ်သုံ့ပန်းတွေကို ကောင်းကောင်းမွန်မွန်ထားပါတယ်လို့ ကမ္ဘာကို သတင်းစကားပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အကျဥ်းစခန်းထဲလာပြီး စစ်သုံ့ပန်းတွေ စားသောက်နေထိုင်နေပုံတွေကို ဗွီဒီယိုရိုက်ကူးမဲ့ အစီအစဥ်ကို သူသိတဲ့အခါ အဲဒီဝါဒဖြန့်မှတ်တမ်း ဗွီဒီယိုထဲ သူ့ပုံမပါအောင် စတော့ဒေးလ်က ရိုက်ကူးရေးအဖွဲ့မလာခင်ကလေးမှာ သူ့ခေါင်းကို (မတော်တဆပုံမျိုး) တခုခုနဲ့ဆောင့်ပြီး ဒဏ်ရာရအောင် လုပ်ခဲ့ပါတယ်။ စတော့ဒေးလ်ဟာ စစ်သုံ့ပန်းစခန်းမှာ ၇ နှစ်ကြာ နေထိုင်ခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ သူဟာ အမေရိကန်ဒုသမ္မတလောင်းရွေးပွဲမှာတောင် ပါဝင်ယှဥ်ပြိုင် နိုင်ခဲ့ပါတယ်။
ကမ္ဘာတဝန်း လူသန်းပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြီးရဲ့ ခြိမ်းခြောက်မှုရှိနေတဲ့ကြားက ၂၀၂၀ နိုဝင်ဘာ ၈ မှာ ပြည်သူတွေ အသက်စွန့်ပြီး လာ ထည့်ခဲ့ကြတဲ့အသည်းကြားက မဲပြားတွေကို စစ်ဝါဒီတစုက နင်းချေဖျက်ဆီးလိုက်တဲ့အခါ အဲဒီလုပ်ရပ်ကို ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက်ဖို့ နိုင်ငံတနံတလျားက သန်းဆယ် ဂဏန်းတချို့ရှိတဲ့ ပြည်သူတွေ လမ်းမတွေပေါ် တက်လာပြီး ဆန္ဒပြခဲ့ကြပါတယ်။ ပြည်သူတွေရဲ့ သဘောထားကို မျက်ကွယ်ပြုပြီး အဲဒီဆန္ဒပြပွဲတွေကို အာဏာလုစစ်အုပ်စုက အကြမ်းဖက်နှိမ်နင်းဖြိုခွဲလိုက်တဲ့အခါ မကြာခင် နွေဦးတော်လှန်ရေး အမည်တွင်သွားခဲ့တဲ့ လက်နက်ကိုင်ခုခံတွန်းလှန်မှုကြီး ပေါ်ပေါက်လာပါတယ်။ ဆန္ဒပြပွဲတွေမှာ တက်ကြွစွာ ပါဝင်ခဲ့သူ အများစုကြီး အဲဒီတော်လှန်ရေးထဲ ဝင်ရောက်လာခဲ့ကြပါတယ်။ မိမိနေအိမ်ရပ်ရွာကို စွန့်ခွာဖို့၊ လက်နက်စွဲကိုင်တိုက်ခိုက်ဖို့ တသက်လုံး အိပ်မက်တောင် တခါမှမမက်ခဲ့ကြဖူးသူ ထောင်ပေါင်းများစွာ (သောင်းပေါင်းများစွာတောင် ဖြစ်ကောင်းဖြစ်နိုင်) မိမိနေအိမ်ရပ်ရွာကို စွန့်ခွာခဲ့ကြပါတယ်။ လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့ကြပါတယ်။
အခုဆိုနွေဦးတော်လှန်ရေးက ၅ နှစ်ထဲ ရောက်လာပြီဖြစ်ပါတယ်။ ဒီအမှတ်ကနေ နောက်ကို ပြန်ကြည့်လိုက်တော့ အပြေးပြိုင်ပွဲ တခုမှာလိုပဲ ပြိုင်ပွဲထဲက ထွက်ခွာသွားသူတွေကို မြင်ခဲ့ရသလို ထွက်ခွာဖို့ ဆင်ခြေရှာနေသူတွေ၊ ဇွဲနပဲကြီးစွာဆက်ပြေးနေသူတွေကိုလည်း မြင်နေရပါတယ်။ အဲဒီ မြင်ကွင်းက ဗီယက်နမ်စစ်သုံ့ပန်းစခန်းထဲက မြင်ကွင်းနဲ့ ဆင်တူနေပါတယ်။
နွေဦးတော်လှန်ရေးကို မီတာ (၁၀၀/၂၀၀) ပြေးပွဲလို တာတိုပြေးပွဲမျိုး ဖြစ်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝင်ပြေးသူတွေဟာ ပြိုင်ပွဲထဲက အစောဆုံးထွက်ခွာသွားခဲ့ကြသူတွေ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးက စစ်သုံ့ပန်းစခန်းမဟုတ်တာကြောင့် သူတို့က စစ်သုံ့ပန်းတွေလို သေဆုံးတဲ့အထိတော့ ဖြစ်မသွားခဲ့ကြပါဘူး။ ဒါပေမဲ့ သူတို့ဟာ တော်လှန်ရေး ဘာသာစကားနဲ့ပြောရရင်တော့ တော်လှန်ရေးဝိညာဥ် ကင်းမဲ့သွားသူတွေဖြစ်ပါတယ်။ စစ်သုံ့ပန်းစခန်းမှာလိုပဲ သူတို့နောက်ကို ဒုတိယအမျိုးအစားအုပ်စုက လိုက်ဖို့ပြင်နေပါတယ်။ အဲဒီအုပ်စုက တော်လှန်ရေးအပေါ် အဆိုးမြင်စိတ်ကဲနေသူတွေ ဖြစ်ပါတယ်။ အဲဒီအုပ်စုဝင်တွေဟာလည်း နွေဦးဘက်တော်သားများ ဖြစ်နိုင်သည့်အားလျော်စွာ ရေဦးပိုင်းမှာ တော်လှန်ရေးအပေါ် အကောင်းမြင်သူတွေ ဖြစ်နိုင်ခဲ့ကြပေမဲ့ တော်လှန်ရေးကာလအတန်ကြာ ညောင်းလာတာနဲ့အမျှ အခုအချိန်မှာတော့ သူတို့မျက်လုံးထဲမှာ (သူတို့ကလွဲလို့) မြင်မြင်သမျှအရာအားလုံးက အမှိုက်ဖြစ်နေပါတယ်။ နွေဦးတော်လှန်ရေးက သူတို့အတွက် အမှိုက်ပုံးကြီးဖြစ်နေပါတယ်။ သူတို့က အကြောင်းကြောင်းကြောင့် တော်လှန်ရေးထဲ ဆက်ရှိကောင်းရှိနေမှာ ဖြစ်ပေမဲ့ တော်လှန်ရေးနဲ့အတူ မရှိတော့သူတွေဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်စေ။ သတင်းကောင်းတခုတော့ရှိပါတယ်။ အဲဒါကတော့ နွေဦးတော်လှန်ရေးဟာ (၂၆/၇) မိုင် ပြေးရတဲ့ မာရသွန်ပြိုင်ပွဲကြီးတခုဖြစ်တယ်ဆိုတာကို (နာနာကျင်ကျင်) သိလာရတဲ့တိုင်အောင် ပြိုင်ပွဲထဲက ထွက်မသွားဘဲ ပန်းတိုင်ရောက်တဲ့အထိ ပြေးမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်နဲ့ သွေးအလူးလူး၊ ချွေးအလိမ်းလိမ်းနဲ့ ဆက်ပြေးနေသူ အမြောက်အမြား ရှိနေတဲ့အချက်ပါပဲ။ အဲသလိုလူမျိုးတွေက ၆၂ မှသည် ၂၁ အထိ မျိုးဆက်အသီးသီးက စိတ်ဓာတ်ကြံ့ခိုင်သူ၊ ဇွဲနပဲကြီးသူ၊ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် စိတ်ဓာတ်ရှိသူ၊ ပန်းတိုင်ရှိရာမှတပါး တခြားအရပ်ကို မကြည့်တတ်သူတွေဖြစ်ပါတယ်။
သူတို့က သူတို့ရဲ့မျှော်လင့်ချက်ကို အခြေအမြစ်ကင်းမဲ့တဲ့ သို့မဟုတ် နည်းပါးတဲ့ ဖြစ်နိုင် ခြေတွေပေါ်မှာ မတည်ဆောက်ဘဲ ပကတိရှိနေတဲ့ အချက်အလက် (fact) တွေပေါ်မှာ တည်ဆောက်ထားသူတွေဖြစ်ပါတယ်။ သူတို့က ဖြစ်ချင်တာတွေအကြောင်းပဲ တွေးတတ်သူ (wishful thinker) တွေ မဟုတ်ပါဘူး။ အရာရာကို ဓမ္မဓိဋ္ဌာန်ကျကျ တွေးနိုင်သူ သို့မဟုတ် တွေးနိုင်ဖို့ ကြိုးစားသူတွေဖြစ်ပါတယ်။ သစ်တပင်ချင်းကို မြင်သလို တောအုပ်တခုလုံးကိုလည်း မြင်နိုင်သူ သို့မဟုတ် မြင်နိုင်ဖို့ ကြိုးစားသူတွေဖြစ်ပါတယ်။ သူတို့က နွေဦးတော်လှန်ရေးရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်ကို ချိတ်ဆက်စဥ်းစားဆင်ခြင်ပြီး အနာဂတ်ကို ထုဆစ်သူတွေဖြစ်ပါတယ်။ သူတို့ဟာ လူသားများဖြစ်တဲ့ အားလျော်စွာ ခရီးမှာတွေ့ရတဲ့ အခက်အခဲ အတားအဆီး အနှောင့်အယှက်တွေကြောင့် စိတ်ဓာတ်ကျတာ စိတ်အားငယ်တာတွေ ရှိကောင်းရှိနိုင်ပေမဲ့ သူတို့က ပန်းတိုင်ကို မျက်ခြည်မပြတ်သူတွေဖြစ်ပါတယ်။ လောကမှာ အဓိကအားဖြင့် လူနှစ်မျိုးနှစ်စားပဲရှိပါတယ်။ အဲဒီထဲမှာ သူတို့က ဖျက်ဆီးသူမဟုတ်။ တည်ဆောက်သူ ဖြစ်ပါတယ်။
စိတ်ဓာတ်မကျိုးပျက်စေနဲ့။ ကျန်းမာရေးမကျိုးပျက်စေနဲ့။ စုဖွဲ့မှု မကျိုးပျက်စေနဲ့။ နွေဦးထဲ ရောက်နေသူအားလုံး ဒီစကားကို ကြားဖူးကြမယ်ထင်ပါတယ်။ မှန်ပါတယ်။ အသက် ၆၀ က ၇၉ အထိ ထောင်ထဲမှာနေခဲ့ရပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ် နည်းနည်းကလေးမှ ပွန်းပဲ့မသွားခဲ့တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ကမ္ဘာကျော်မိန့်မှာ စကားဖြစ်ပါတယ်။ သံမဏိဖြစ်အောင် ဘယ်လိုဆေးသားတင်ခဲ့သလဲ (How the steel was tempered.)။ ဆရာကြီးက သူ့ရဲ့ သံမဏိစိတ်ဓာတ်ကို အဲဒီမကျိုးပျက်မှု ၃ ခုနဲ့ ဆေးသားတင်ခဲ့တာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ ကြုံတွေ့ရတဲ့ အခက်အခဲ အတားအဆီး အနှောင့်အယှက်တွေကြောင့် ကျနော်တို့ ကျိုးပျက်သွားလို့မဖြစ်ပါဘူး။ အဲဒါတွေက တော်လှန်ရေးတိုင်းမှာ ကြုံတွေ့ရလေ့ရှိတဲ့ အရာတွေဖြစ်ပါတယ်။ ထိခိုက်နစ်နာဆုံးရှုံးမှုတွေအတွက်လည်း ကျနော်တို့ ဝမ်းနည်းပူဆွေး ငိုကြွေးနေရုံနဲ့ မပြီးပါဘူး။ သိုးဆောင်းလူမျိုးတွေရဲ့ စကားပုံတခုရှိပါတယ်။ ...နေမင်းကြီး ဝင်သွားလို့ ငိုကြွေးနေရင် လမင်းကြီးထွက် လာတာကို မမြင်လိုက်ရဘဲရှိမှာပေါ့..တဲ့။ ကျနော်တို့ပန်းတိုင်ကိုမြင်ယောင်ရင်း အားတင်းထားကြရမှာပါ။
ငြိမ်းချမ်းရေး ငတ်မွတ်ဆာလောင်တဲ့ ငှက်တွေ နွေဦးမှာ အရုဏ်ဆီ ဦးတည် ပျံသန်းလာခဲ့ကြတယ်။ အဲဒီခရီးမှာ ငှက်တချို့လမ်းဖောက်သွားကြတယ်။ ငှက်တချို့ လမ်းကောက်သွားကြတယ်။ ငှက်တချို့ လမ်းပျောက်သွားကြတယ်။ ဒါပေမဲ့ ပြည်သူကို ကိုးကွယ်တဲ့ ငှက်ဧရာမအများစုကြီးကတော့ အရုဏ်ဆီ ဆက်လက်ဦးတည် ပျံသန်းနေကြဆဲ။ သူတို့အရုဏ်ဆီ ရောက်ကြမှာမုချဖြစ်တယ်။ အကြောင်းကတော့ ခရီးဆိုတာရှိရင် ပန်းတိုင်ဆိုတာလည်း ရှိစမြဲမို့ဖြစ်ပါတယ်။
စည်တော်သံ











