
မန္တလေး အိုးဘိုအကျဉ်းထောင်တွင်း ထောင်အာဏာပိုင်တွေနဲ့ လက်ဝေခံ အကျဉ်းသားတွေ ပူးပေါင်းပြီး နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် တခြားအကျဉ်းသားတွေကိုပါ စစ်မှုထမ်းဖို့ ဖိအားပေးနေပြီး သဘောမတူရင် လွတ်ရက်စေ့တဲ့အခါ ပြန်လည်ဖမ်းဆီးမှာဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုနေတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အိုးဘို ဗဟိုအကျဉ်းထောင်မှာ စစ်အုပ်စုနဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေး စည်းရုံးနေသလို စစ်မှုထမ်းမယ်ဆို ပြစ်ဒဏ်လျှော့ရက် ရရှိမယ်ဆိုတဲ့ မက်လုံးတွေနဲ့လည်း စည်းရုံးနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်မှုထမ်းဖို့ သဘောတူသူတွေကို ရှေ့တန်းစစ်မျက်နှာပြင်ကို ပို့ဆောင်ဖို့ သီးခြားခွဲထားပြီး သဘောမတူသူတွေကို မူလအဆောင်တွေမှာ ပြန်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
PPNM ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက “ကျနော်တို့ PPNM အနေနဲ့ လက်ရှိအချိန်ထိ အိုးဘိုထောင်အတွင်းမှာ စစ်မှုထမ်းခိုင်းဖို့ ဖိအားပေးနေတာမျိုးတွေက နိုင်ငံရေးနဲ့ အပါအဝင် တခြား အကျဉ်းသားတွေကိုပါ ဖိနှိပ်ခံနေရတာမျိုး ဖြစ်တယ်ပေါ့။ စစ်မှုထမ်းမယ်ဆိုရင် လျှော့ရက်ပေးမယ် ဆိုပြီးတော့မှ စစ်မှုထမ်းမယ်ဆိုတဲ့ လူတွေကို သေချာ အခန်းခွဲထုတ်ထားတာမျိုးတွေ ဖြစ်နေပါတယ်။ ထောင်အာဏာပိုင်အနေနဲ့ ကျားပေါက် ဆိုတဲ့ တယောက်နဲ့ပေါ့၊ ကျားပေါက်ကတော့ တခြားအမှုဖြစ်ပြီးတော့မှ အခုက လိုက်လံစည်းရုံးနေတဲ့ သူတယောက်ပေါ့နော်။ ခြိမ်းခြောက်ပြီးတော့ လိုက်လံစည်းရုံးနေတဲ့သူတယောက် ဖြစ်ပါတယ်။ ခြိမ်းခြောက်တာတွေ ဆက်ပြီးတော့ ဖြစ်နေမယ်ဆိုရင်တော့ အကျဉ်းထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးကို ကျနော်တို့ အရမ်းစိုးရိမ်ရပါတယ်။ ဒီသတင်းအချက်အလက်ပေါ် မူတည်ပြီးတော့ အိုးဘိုထောင်က ထောင်ပိုင်ကနေမှ ဝန်ထမ်းတွေကို ခေါ်ယူပြီးတော့ စစ်ဆေးစုံစမ်းနေတယ်လို့လည်း ထပ်ပြီးတော့ ကြားသိရပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ အပါအဝင် ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတယောက် အပါအဝင် အကျဉ်းသားတချို့ကို စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က ခေါ်ယူစစ်ဆေးခဲ့ပြီး သဘောမတူရင် လွတ်ရက်စေ့တဲ့အချိန် ပြန်လည်ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီလို ဖိနှိပ်ခြိမ်းခြောက်မှုတွေက ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်တာကြောင့် ကျူးလွန်မှုမှာ ပါဝင်သူအားလုံး ပြစ်ဒဏ်ကင်းလွတ်ခွင့်မရဘဲ အပြစ်ပေး အရေးယူခံရမှာ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ပြောပါတယ်။
AAPP အလုပ်အမှုဆောင် ဦးအောင်မျိုးကျော်က “အခုနောက်ပိုင်း ကြားလာရတာ ဆိုလို့ရှိရင်တော့ နိုင်ငံရေးအကျဉ်းသားတွေကိုပါ ဒါမျိုးတွေ လုပ်နေတယ် ဆိုတဲ့ဟာတွေ ကြားလာရတယ်ပေါ့နော်။ စစ်မှုထမ်းလိုက်မလား ရဲဘက်ထွက်မလား ဘာညာပေါ့။ အရင်တုန်းက ဆိုလို့ရှိရင်လည်း တိုက်ပွဲတွေ ရှိလို့ရှိရင် အကျဉ်းသားတွေကို ပေါ်တာအဖြစ် အသုံးပြုတဲ့ဟာတွေက အရင်တုန်းကလည်း လုပ်ခဲ့တာပဲ။ ဒါက တကယ်ကို ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်နေတာ ဖြစ်တယ်။ ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်နေတဲ့သူတွေ အားလုံးက ဒါနဲ့ပတ်သက်ပြီးတော့ သေချာပေါက် တာဝန်ခံရမယ်။ မင်းအောင်လှိုင်က စပြီးတော့ ဟိုအောက်ခြေ အကျဉ်းဦးစီး ဝန်ထမ်းအထိ၊ နောက် အကျဉ်းဦးစီးဝန်ထမ်းတင်မက အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ တန်းစီးတွေ စည်းကမ်းထိန်းတွေ အကျဉ်းဦးစီးက အကျဉ်းထောင်ကနေပြီးတော့ ခန့်ထားတဲ့ အကျဉ်းသား၊ သူတို့ရဲ့ လက်ပါးစေတွေ ဒီလူတွေအထိ သေချာပေါက် တာဝန်ခံရမှာ ဖြစ်တယ်။ သူတို့ ကျူးလွန်တဲ့ ကိစ္စတွေက ဒီတိုင်းပဲ ပြီးသွားမှာ မဟုတ်ဘူးပေါ့နော်” လို့ ပြောပါတယ်။
ဒီဖြစ်စဉ်တွေကို ဆက်လက်စောင့်ကြည့် မှတ်တမ်းတင်သွားမယ်လို့လည်း PPNM က ပြောဆိုထားပါတယ်။
ဒါ့အပြင် အင်းစိန်အကျဉ်းထောင်က အကျဥ်းသားတချို့လည်း တရုတ်နိုင်ငံသားတွေ ကြီးကြပ်တဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ အဓမ္မ လုပ်အားအမြတ်ထုတ် စေခိုင်းခံနေရတယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) က စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။
ဝေဝေ










