DVB Logo
Home
မြန်မာသတင်း
အမေရိကန်၏ ဒေါ်လာ  ၂ ဘီလီယံနီးပါးကူညီပေးမည့် အစီအစဉ်အပေါ်  လေ့လာသူများအမြင်
DVB
·
October 1, 2026
ချင်းပြည်နယ်၊ ထန်တလန်မြို့ ဘုရားကျောင်းအပျက်အစီး၊၂၀၂၃ မှတ်တမ်း။Photo - Tial Hram Ling
ချင်းပြည်နယ်၊ ထန်တလန်မြို့ ဘုရားကျောင်းအပျက်အစီး၊၂၀၂၃ မှတ်တမ်း။Photo - Tial Hram Ling
Donate to DVB

အမေရိကန်က ဒေါ်လာ ၂ ဘီလီယံနီးပါး အကူအညီပေးမဲ့ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေမဲ့ အစီအစဉ်ထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပြီး ဘာသာရေး အဖွဲ့အစည်းတွေ ကတဆင့် အကူအညီပေးမဲ့ အမေရိကန်ရဲ့အစီအစဉ်ပေါ် လေ့လာသူတွေရဲ့ အမြင်ဘယ်လို ရှိနေ ပါသလဲ။

ကမ္ဘာတဝန်းက မြန်မာအပါအဝင် အကျပ်အတည်းဖြစ်နေတဲ့ နေရာ ၁၆ ခုကို  ကျန်းမာရေးနဲ့ လူသားချင်း စာနာအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ထောက်ပံ့သွားမယ်လို့ အမေရိကန်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက်နေ့မှာ ကြေညာထားတာပါ။ 

ဒီအကူအညီတွေဟာ လိုအပ်တဲ့နေရာတွေက လူဦးရေ ၇ သန်းဝန်းကျင်အထိ အကျိုး သက်ရောက် မှာဖြစ်ပြီး ဘာသာရေးအခြေပြုလူမှုအဖွဲ့အစည်းတွေကနေတဆင့် ကူညီသွားမယ်လို့ ဆိုပါတယ်။

စုစုပေါင်း ဒေါ်လာ ၂ ဘီလီယံနီးပါးသုံးမဲ့ အမေရိကန်အစိုးရရဲ့ အစီအစဉ်မှာ ကျန်းမာရေး ဝန်ဆောင်မှု တွေအတွက် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ၊ လူသားစာနာအကူအညီတွေ အတွက် ဒေါ်လာ ၅၃၈ သန်း ပါဝင်ပါတယ်။

ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းတွေကနေတဆင့် ဝင်ရောက်မဲ့ အကူအညီတွေဖြစ်တဲ့အတွက် မြန်မာပြည်တွင်းက ကချင်၊ ချင်း၊ ရှမ်း၊ ကရင်နဲ့ ကရင်နီပြည်နယ်တွေက ဒေသတွင်း ပြည်သူတွေဆီ ကို အကူအညီတွေ အဓိကစီးဆင်းဝင်ရောက်လာနိုင်ဖွယ်ရှိနေတာပါ။

နိုင်ငံရေးအမြင်အရ ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့နယ်မြေထိစပ်နေတဲ့ နေရာအများစုက တိုင်းရင်းသားပြည်သူတွေဆီကို အကူအညီတွေဦးတည်နေတာဖြစ်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

အကူအညီတွေရဲ့နောက်ကွယ်မှာ ထရမ့်ပ်အစိုးရရဲ့ နက်ရှိုင်းတဲ့ ပထဝီနိုင်ငံရေးနဲ့ လက်တွေ့ကျတဲ့ တွက်ချက်မှုတွေရှိနေနိုင်တယ်လို့လည်း ဆိုကြပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး မဟာမိတ်များအဖွဲ့မှ  ခင်သီရိနန္ဒာစိုးက “အကူအညီပေးတဲ့နေရာမှာ စစ်ကောင်စီလက်ထဲကို ရန်ပုံငွေတွေမရောက်ရှိဖို့ရယ်၊ နောက်တခါ နိုင်ငံရေးအတားအဆီးတွေကို ကျော်လွှားနိုင်ဖို့အတွက်ရယ်၊ ပြည်သူလူထုရဲ့ ယုံကြည်မှုကိုလည်း ရရှိပြီးသားဖြစ်တဲ့ ဘာသာရေး ကွန်ရက်တွေကို မဟာဗျူဟာမြောက် ကြားခံအဖြစ်အသုံးချတာဖြစ်တယ်၊ ကောင်းကျိုးချည်း ပဲလားဆိုတော့ ရေတိုအားဖြင့်ဆိုရင်တော့ ကောင်းတဲ့အရာတွေအများကြီးရှိတယ်။ ဒါပေမဲ့ ဒီလိုမျိုးကိစ္စတွေဟာ ရေရှည်မှာဆိုလို့ရှိရင်တော့ အင်မတန်ထိန်းကျောင်းပြီးတော့မှ လုပ်ဆောင် သွားရမဲ့ ကိစ္စမျိုးတွေဖြစ်တယ်၊ စစ်အာဏာရှင်အဆက်ဆက်ကလည်း ဘာသာရေး သွေးခွဲမှုတွေကို ပြုလုပ်ခဲ့တဲ့ ဒီလိုနိုင်ငံမျိုးမှာ ဒီလိုဗျူဟာက မီးလောင်ရာလေပင့်ဖြစ်နိုင်တယ်၊ စစ်ကောင်စီ အနေနဲ့လည်းပဲ ဒီအချက်ကိုအသုံးချပြီးတော့ သူတို့ရဲ့ဝါဒဖြန့်မှုတွေမှာ မြန်မာနိုင်ငံကို ဘာသာရေး အရ ကျူးကျော်နေပြီစတဲ့ ပုံဖျက်ပြီးတော့ ဗုဒ္ဓဘာသာအစွန်းရောက်တဲ့ စိတ်ဓာတ်မျိုးတွေကို ပြန်ပြီးတော့မှ နှိုးဆွပေးတာမျိုးတွေ လက်နက်တခုလိုမျိုး အသုံးချတာမျိုးတွေ ဖြစ်သွားစေနိုင်တယ်၊ မထိန်းကျောင်းနိုင်ဘူးဆိုရင်ပေါ့လေ”လို့ ပြောပါတယ်။

အမေရိကန်အစိုးရရဲ့ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံအတွက် သီးခြားခွဲဝေပေးမဲ့ အကူအညီ တန်ဖိုး ပမာဏကို မဖော်ပြထားပေမဲ့ အစားအစာ၊ သန့်ရှင်းတဲ့ရေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အမိုးအကာ နဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အကူအညီတွေရနိုင်မှာဖြစ်တယ်ဆိုတဲ့ အကြမ်းဖျင်း ဖော်ပြချက်ပါဝင်ပါတယ်။

အမေရိကန်ပြည်ထောင်စုရောက် ကချင်၊ ချင်း၊ ကရင်နဲ့ ကရင်နီလူမှုအသိုက်အဝန်းတွေရဲ့ မြန်မာပြည်တွင်းက စစ်အာဏာရှင် ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကို အချိန်နဲ့တပြေးညီ သတင်းအချက် အလက်ပေးပို့နိုင်ခဲ့တာတွေက အစိုးရရဲ့အကူအညီပေးရေးလုပ်ငန်းတွေနဲ့ ဆက်စပ်မှု ရှိနေတာဖြစ်ပါတယ်။

စစ်အာဏာရှင်ရဲ့ နိုင်ငံတကာအကူအညီတွေကို ကန့်သတ်ပိတ်ဆို့ထားတဲ့အချက်တွေကို ကျော်လွှား နိုင်ဖို့နဲ့ နိုင်ငံရေးအရ ကြားနေနိုင်ဖို့အတွက် ဘာသာရေးအဖွဲ့အစည်းတွေကို အသုံးပြုတာမျိုး ဖြစ်တယ်လို့ လေ့လာသူတယောက်က မှတ်ချက်ပေးပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ  ဦးထွန်းကြည်က “ဘေးတခုကတော့ လူလုပ်တဲ့ဘေးပေါ့၊ မင်းအောင်လှိုင်တို့ဘေးပေ့ါ၊ နောက်တခုကတော့ သဘာဝဘေးပေါ့၊ အဲ့ဒီနှစ်ခုစလုံးကို မြန်မာပြည်သူတွေက ခါးစည်းခံနေရတာ၊ အဲ့ဒါလေးတော့ မြင်သာစေချင်တယ်၊ အဲ့ဒီ အကျိုးဆက်ကတော့ ရှင်းရှင်းပြောရရင် ကျန်းမာရေးလည်း ကျန်းမာရေးအလျောက် အခုပြည်တွင်းမှာဆိုရင် ဆေးဝါးတွေနဲ့ပတ်သက်လို့ တို့ပြည်သူတွေက နောက်ဆုံး ပိုက်ဆံရှိရင်တောင်မှ ဝယ်ယူပြီးမှသုံးစွဲဖို့ တော်တော်ခက်နေတဲ့ အခြေအနေမျိုးမှာ အမေရိကန်အစိုးရအနေနဲ့ ဘယ်လိုပုံစံ ဘယ်လိုနည်းနာနဲ့ ဘယ်လိုမဟာဗျူဟာနဲ့ ဘယ်လို အဖွဲ့အစည်းတွေကတဆင့် ပေးအပ်မလဲပေါ့ဗျာ၊ အမှန်တကယ်လိုအပ်နေတဲ့ သူတွေရဲ့လက်ထဲကို ရောက်ဖို့ဆိုတာကလည်း စောင့်ကြည့်တဲ့ ယန္တရားပေါ့၊ အဲ့ဒါက တော်တော်အရေးကြီးတာကတော့ မြင်သာစေချင်တာပေါ့၊ စစ်တပ်ကနေ စစ်ဦးအချိုးခံထားရတဲ့ အခါကျတော့ လူမျိုးရေး ဘာသာရေးကို လက်နက်အဖြစ်အသုံးချဖို့ အားလုံးသူတို့က စီစဉ်ထားပြီးသား၊ အဲ့ဒီ ထောင်ချောက်ပေါ့၊ အဲ့ဒီထဲမှာ မသက်ဆင်းသွားဖို့လိုတယ်၊ ဒီအချိန်မှာ စုံလင်ကွဲပြားတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံက လက်ချင်းယှက်ထားဖို့လိုတယ်၊ ကျောချင်းကပ်ထားဖို့လိုတယ်၊ အဲ့ဒီလိုမဟုတ်ဘူးဆိုရင်တော့ တို့တော်လှန်ရေးတစုံလုံး အပေါ်မှာ အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုက အချိန်မရွေးကျရောက်နိုင်တယ်”လို့ ပြောပါတယ်။

ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ ဒေသတွေမှာ ဘာသာရေးအဖွဲ့အစည်းတွေကပေးတဲ့ အကူ အညီတွေက ယုံကြည်စိတ်ချရပြီး ယဉ်ကျေးမှုအရလည်း ပိုနီးစပ်မှုရှိနိုင်တယ်ဆိုတဲ့ အယူအဆ၊ ဘာသာရေးအဖွဲ့အစည်းတွေဟာ နိုင်ငံရေးဘက်လိုက်မှုကင်းကင်းနဲ့ အကူအညီပေးနိုင်သူတွေအဖြစ် နိုင်ငံတကာရဲ့ရှုမြင်ချက်၊ ဝေးလံတဲ့တိုင်းရင်းသားဒေသတွေမှာ ခရစ်ယာန်အများစုနေထိုင်ကြပြီး ကုလအပါအဝင် လူသားစာနာကူညီပေးတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ မြေပြင်အထိကွင်း ဆင်းဖို့ခက်ခဲနေတဲ့အခြေအနေမှာ အမေရိကန်အစိုးရရဲ့နည်းလမ်းဟာ လတ်တလောအတွက် သက်ရောက်မှုအားကောင်းနိုင်စရာရှိနေတာပါ။

ထရမ့်ပ်အစိုးရဟာ အမေရိကန်ပြည်တွင်းနိုင်ငံရေးမှာရော နိုင်ငံခြားရေးမူဝါဒအရရော နိုင်ငံတကာ အကူအညီပေးရေးဆိုင်ရာ ကိစ္စတွေရပ်တွေနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေအများကြီး ပြုလုပ်ထားပါတယ်။ 

ထရမ့်ပ်အစိုးရရဲ့ အမေရိကန်ပထမ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှု မဟာဗျူဟာအရ အရင်အစိုးရအဆက်ဆက်အသုံးပြုခဲ့တဲ့ USAID ကို ဖျက်သိမ်းလုနီးပါးပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လက်ကျန်ဝန်ထမ်းတချို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်က ဌာနခွဲတခုမှာ ထည့်သွင်း ခဲ့တာပါ။ 

အဲ့ဒီနောက်ပိုင်းမှာ ထရမ့်ပ်အစိုးရရဲ့အဓိကမဲဆန္ဒရှင်တွေထောက်ခံအားပေးတဲ့ အမေရိကန် အခြေစိုက် ခရစ်ယာန်သာသနာပြုအဖွဲ့ကြီးတွေကနေတဆင့် နိုင်ငံတကာ အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းတွေကို ပြောင်းလဲဆောင်ရွက်ဖို့ အားထုတ်လာတာလည်း ဖြစ်ပါတယ်။ 

သုတချမ်းသာ

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013