DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် မြစ်ရေထပ်တက်လာသဖြင့် ရေဘေးသင့်ပြည်သူများ စားနပ်ရိက္ခာနှင့်ဆေးဝါး အရေးပေါ်လိုအပ်
DVB
·
October 1, 2026
တနင်္သာရီတွင် မြစ်ရေထပ်တက်လာသဖြင့် ရေဘေးသင့်ပြည်သူများ စားနပ်ရိက္ခာနှင့်ဆေးဝါး အရေးပေါ်လိုအပ်
1 / 2
Photo: CJ
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ကတည်းက မိုးသည်းထန်စွာ ရွာသွန်းပြီး တနင်္သာရီမြစ်ရေဟာ စိုးရိမ်ရေအမှတ်ထက် ထပ်မံကျော်လွန်ကာ အောက်တိုဘာ ၁ ရက်နေ့၊ မနက်ပိုင်းမှာတော့ အန္တရာယ်ရေအမှတ်ထက် ၆ ပေ ၂ လက်မအထိ ဆက်လက်မြင့်တက်လာခဲ့ပါတယ်။

တနင်္သာရီမြစ်ရေဟာ ၂၀၂၄ခုနစ်မှာ သာမန်ရေမျက်နှာပြင်အထက် ရေအမှတ် ၃၁ ပေ ၁လက်အထိ မြင့်တက်ခဲ့ပြီး ဒီနှစ်မှာတော့ ၃၀ ပေ ၂ လက်မအထိ မြင့်တက်လာကာ ၂၀၂၄ ခုနစ် ရေအမှတ်ကို စံချိန်မီဖို့အတွက် ၁၁ လက်မသာ လိုတော့တယ်လို့ ကူညီပေးသူတွေဆီမှ သိရပါတယ်။

အဲဒီလို မြစ်ရေမြင့်တက်လာတဲ့အတွက် တနင်္သာရီမြို့နယ်ရှိ ကျေးရွာအများစုမှာ ရေးဘေးသင့်နေပြီး ဒေသခံ သောင်းနဲ့ချီ ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့ပေါ်အပြင် မော်တုန်း၊ ပဝ၊ လယ်သစ်၊ သရဖုံ၊ ဘန်လော၊ သိန္ဓော၊ သာရဘွင်နဲ့ တကူကျေးရွာအုပ်စုတွေမှာရှိတဲ့ ဒေသခံတွေဟာ ရေလွတ်ရာနေရာကို ပြောင်းရွှေ့နေထိုင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပဝရွာခံတယောက်က “လက်ရှိအခြေအနေက ရေအဆမတန်ကြီး တက်လာတယ်။ အခုတော်တော်များများပဲ။ ပဝတကွင်လုံးပေါ့။ ပဝ၊ လယ်သစ်၊ သရဖုံ (အရှေ့အနောက်)၊ မော်တုန်း၊ ပြီးရင် ပဝအုပ်စုတစုလုံးပေါ့။ တနင်္သာရီတမြို့နယ်လုံးနဲ့ အတူတူပဲ။ အခုဆို တော်တော်များများ တောင်ကုန်းကို အကုန်ပြောင်းကြတယ်။ အခက်အခဲကတော့ စားဝတ်နေရေးပေါ့။ လက်ရှိ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်တို့ပေါ့။ ဝယ်ရစားရ အရမ်းပင်ပန်းတယ်။ လမ်းကြောင်းတွေကလည်း အခု မြိတ်လမ်းကြောင်းမှာဆို ပသောင်းတို့ ကြေးနန်းတိုင်တံတားတို့မှာ ပစ္စည်းတင်လာရင် လူမပါရင် အကုန်ဆွဲချထားခဲ့တယ်။ ဘာမှလည်း ပေးမတင်ဘူး။ အခု ဒီမှာ ဒုက္ခတွေ ဖြစ်နေကုန်ပြီပေါ့။ ဒီတနှစ်ထဲ သုံးခါဖြစ်သွားပြီ။ ဒီတကြိမ် ရေကြီးတာက ပိုကြမ်းတယ်။ အခုနှစ်ရက်အတွင်းမှာ တရကြမ်းကြီး တက်လာတာ။ ပိုကြမ်းတယ်ဆိုတော့ ဘာမှတောင်လုပ်လို့မခင်ဘူး။ ပြည်သူတွေလည်း စားဝတ်နေရေး ဂယက်ရိုက်ကုန်တာပေါ့။ သောက်ရေ သုံးရေတွေလည်း အခက်အခဲဖြစ် ပြီးရင် ဒီတနှစ်ထဲမှာ သုံးခါဖြစ်တော့ အရမ်းပင်ပန်းတယ်။ လယ်ကွက်တွေလည်း အကုန်မြုပ်။ နောက်ထပ် ထပ်လုပ်ထားတဲ့ စပါးတွေလည်း အကုန်မြုပ်။ အကုန်လုံးရှုံး။ ကယ်ဆယ်ရေးမရောက်တာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းကဆိုရင် အခုဆို ၆ နှစ်နီးနီးလောက်ဖြစ်ပြီပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် တချို့ကျေးရွာအုပ်စုတွေရှိ ရေဘေးသင့်ပြည်သူတွေမှာ သောက်သုံးရေအတွက် အခက်အခဲဖြစ်နေပြီး တောင်ပေါ်ရေနဲ့ မိုးရေကိုသာ အဓိကထား သောက်သုံးနေရတယ်လို့ ဆိုပါတယ်။

ရေကြီးရေလျှံ ဖြစ်နေတဲ့နေရာတွေထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေ ပါဝင်တာကြောင့် စစ်တပ်ဘက်က ဖြတ်လေးဖြတ် ပြုလုပ်ထားပြီး ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတာကြောင့် ဒေသခံတွေမှာ အကူအညီ ပိုလိုအပ်နေတယ်လို့ ဆိုပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ကမ်းနံဘေးရှိ ကျေးရွာတချို့မှာလည်း မြစ်ရေအခြေအနေကြည့်ပြီး ရေးဘေးလွတ်ရာ နေရာတွေဆီ ပြောင်းရွှေ့နေရတယ်လို့ တကူရွာခံတယောက်က ပြောပါတယ်။

“တလျှောက်လုံးပဲ အစ်ကိုရေ။ အနီးစပ်ဆုံး ပြောရရင် သရဘွင်တို့၊ သရဘွင်မှာဆို အရှေ့ကမ်းတံတား မြုပ်သွားပြီ။ ပြီးတော့ ပြည်အေးတို့၊ ရပ်ကွက်တော်တော်များများက ရေကျော်နေတယ်။ ဒီတရက် နှစ်ရက်တော့ ထပ်စောင့်ကြည့်ရဦးမယ်။ တကယ်လို့ ရေထပ်တိုးမယ်ဆိုရင် ဒီထက်ပိုပြီးတော့ ရေထပ်ကြီးမဲ့ သဘောမျိုး ရှိတယ်။” 

အဆိုပါရေကြီးမှုကြောင့် တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းမှာလည်း မြစ်ရေတက်လာတာကြောင့် ခရီးသည်ကားတွေ ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါသေးတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013