
ဆားဘီးယားနိုင်ငံမှာ မတ်လ မြို့နယ်ရွေးကောက်ပွဲမတိုင်ခင်က အရပ်ဘက်အဖွဲ့အစည်းဝင် ၁၄ ယောက်ထက်မနည်း အဆင့်မြင့် spyware (ထောက်လှမ်းရေး ဆော့ဖ်ဝဲရ်) နဲ့ ပစ်မှတ်ထားခံခဲ့ရတယ်လို့ ဒစ်ဂျစ်တယ် အခွင့်အရေးအဖွဲ့ SHARE Foundation က စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဩဂုတ်လတုန်းက Apple နည်းပညာစုံ ကုမ္ပဏီကနေ နိုင်ငံပေါင်း ၁၁၀ က သုံးစွဲသူတွေကို spyware (စပိုင်ဝဲရ်) တိုက်ခိုက်ခံရနိုင်ကြောင်း သတိပေးခဲ့ရာမှ ဒါကို တွေ့ရှိခဲ့တာဖြစ်ပြီး ဆားဘီးယားမှာ စပိုင်ဝဲရ် တိုက်ခိုက်ခံရမှု စံချိန်တင် အများဆုံးဖြစ်စဉ် ဖြစ်ပါတယ်။
ရွေးကောက်ပွဲနီးချိန် နိုင်ငံရေးတင်းမာနေပြီး ကျောင်းသားတွေနဲ့ အတိုက်အခံတွေကို ပစ်မှတ်ထားဖို့ ဖုန်းထဲ ခိုးဝင်နိုင်တဲ့ ဆော့ဖ်ဝဲလ်တွေ သုံးခဲ့တာလို့ ဆိုပါတယ်။
ပစ်မှတ်ထားခံရသူတွေထဲမှာ ကျောင်းသားအရေး လှုပ်ရှားသူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ အတိုက်အခံလွှတ်တော်အမတ်တွေနဲ့ ဒေသခံကောင်စီဝင်တယောက် ပါဝင်ပါတယ်။
အနည်းဆုံး ဖုန်းတလုံးမှာ အစ္စရေး NSO ကုမ္ပဏီထုတ် ပဲဂါ့ဆပ်စ် စပိုင်ဝဲရ်နဲ့၊ နောက်ထပ် ၂ လုံးထက်မနည်းမှာတော့ ၂၀၂၄ ဒီဇင်ဘာက Amnesty International ထုတ်ဖော်ခဲ့တဲ့ NoviSpy ဆင်တူ စပိုင်ဝဲရ် တို့နဲ့ တိုက်ခိုက်ခံခဲ့ရတာပါ။ NSO က အစိုးရတွေကိုပဲ ရောင်းတာလို့ ဆိုထားပြီး ဆားဘီးယားအစိုးရရော၊ NSO ပါ ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။
တရားရုံးခွင့်ပြုချက်မရှိဘဲ ဒီလိုဆော့ဖ်ဝဲရ် သုံးတာဟာ ပြစ်မှုမြောက်ကြောင်း Partneri Srbija အဖွဲ့မှ ဥပဒေကျွမ်းကျင်သူ အာနာ တိုစ်ကစ် ဆဗဲတီနိုဗစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
"အခြေအနေက စိုးရိမ်စရာပါ။ ဥရောပမှာ ဆားဘီးယားဟာ ပြည်သူတွေကို စပိုင်ဝဲရ်နဲ့ ပစ်မှတ်ထားမှု အများဆုံးဖြစ်နေလို့ ဒါနဲ့ပတ်သက်ပြီး သီးသန့် သတင်းစာရှင်းလင်းပွဲ လုပ်သင့်ပါတယ်။"
ဒီတိုက်ခိုက်မှုဟာ မတ် ၂၉ ရက်က မြို့နယ် ၁၀ ခုမှာလုပ်ခဲ့တဲ့ ဒေသခံရွေးကောက်ပွဲတွေနဲ့ တိုက်ဆိုင်နေပြီး အဲဒီရွေးကောက်ပွဲဟာ အတိုက်အခံတွေ အာဏာရပါတီကို ဘယ်လောက်ယှဉ်နိုင်မလဲဆိုတာ စမ်းသပ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
လာမဲ့ အောက်တိုဘာ လွှတ်တော်ရွေးကောက်ပွဲမှာလည်း ဒီလို ဒစ်ဂျစ်တယ်နည်းနဲ့ ပစ်မှတ်ထားတာတွေ ထပ်ရှိလာနိုင်ကြောင်း SHARE က သတိပေးထားပါတယ်။
Source: Reuters











