
နေးရှင်းလိဂ် အုပ်စု (B) ပွဲစဉ်မှာ ဂျာမနီက ကစားသမား ၉ ယောက်တည်း ကျန်တဲ့ ဆားဘီးယားကို (၃-၁) ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲဟာ ဂျာမနီနည်းပြ ယာဂင်ကလော့ပ်အတွက်တော့ သူကိုင်တွယ်တဲ့ ၅ ပွဲမှာ ဒုတိယမြောက် နိုင်ပွဲ ဖြစ်ပါတယ်။
ပွဲအစမှာ ဆားဘီးယားကစားသမား ဘာဘစ်ချ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ ဂျာမနီ ဦးဆောင်ခဲ့ပြီး ၁၄ မိနစ်မှာ လီဗာပူးကစားသမား ဗိရ်ဇ်က ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။
အာဘီလစ်ပ်ဇစ်မှာ အငှားကစားနေတဲ့ ဘရိုက်တန်ကွင်းလယ်လူ ဂရူဒါက တတိယဂိုးကို အဝေးကနေ လှလှပပ သွင်းယူခဲ့ပါတယ်။
ဆားဘီးယားအတွက် ချေပဂိုးကို ၅၆ မိနစ်မှာ ဘာဘစ်ချ်က ပြန်သွင်းခဲ့ပေမဲ့ ဒရာဂိုဂျီဗစ်ချ်နဲ့ ဇီဗကိုဗစ်ချ်တို့ ကစားသမား ၂ ယောက် အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။
လက်ရှိမှာ ဂျာမနီက ရမှတ် ၈ မှတ်နဲ့ အဆင့် ၂ က ဂရိနဲ့ ရမှတ်တူပေမဲ့ အဆင့် ၃ နေရာမှာ ရပ်တည် နေပါတယ်။
အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် တနင်္လာနေ့မှာ ဂျာမနီက အုပ်စုဗိုလ် နယ်သာလန်နဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားရပါမယ်။
Photo:Reuters











