ဆားဘီးယားတွင် MiG-29 တိုက်လေယာဉ် ပျက်ကျပြီး လေယာဉ်မှူး သေဆုံး

ဆားဘီးယားနိုင်ငံ၊ မြို့တော်ဘဲလ်ဂရိတ်ရဲ့ အနောက်မြောက်ဘက်က စတာရာပါဇိုဗာမြို့နားက လယ်ကွင်းပြင်တခုထဲကို MiG-29 တိုက်လေယာဉ်တစင်း ပျက်ကျခဲ့လို့ ဆားဘီးယား စစ်ဘက်ဆိုင်ရာ လေယာဉ်မှူးတယောက် သေဆုံးသွားခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန် ကြေညာပါတယ်။
လေယာဉ်ပျက်ကျတဲ့ နေရာနားမှာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက လုပ်ငန်းဆောင်ရွက် နေတာကို တွေ့မြင်ရပါတယ်။
မတော်တဆမှုကြောင့် လေယာဉ်မှူးဖြစ်သူ အသက် ၅၃ နှစ်အရွယ် ဗိုလ်မှူး ဂိုရန်ဘူလာဂျစ် သေဆုံးခဲ့ပြီး လက်ရှိမှာ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။
ပျက်ကျသွားတဲ့ လေယာဉ်က ဘာတက်နီကာ လေတပ်စခန်းက အမှတ် ၂၀၄ လေကြောင်း တပ်မဟာက ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်မှာ ဆားဘီးယားနိုင်ငံ လွတ်လပ်ရေးရပြီးချိန်ကစလို့ စစ်တပ်မှာ လေယာဉ်မတော်တဆမှု ၁၄ ကြိမ် ဖြစ်ခဲ့ပြီး စုစုပေါင်း လူ ၁၇ ယောက် သေဆုံးခဲ့ပါတယ်။
ဆားဘီးယားလေတပ်မှာ ၁၉၈၇ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ MiG-29 တိုက်လေယာဉ် ၁၄ စင်းကို သုံးနေပါတယ်။
ဆားဘီးယားနိုင်ငံက MiG-29 လေယာဉ်အုပ်စုကို အစားထိုးဖို့ ပြင်သစ်နိုင်ငံထုတ် ဒက်ဇော့ ရာဖယ်လ် F4 တိုက်လေယာဉ် ၁၂ စင်းကို ဝယ်ဖို့ စီစဉ်ထားပါတယ်။
ယူရို ၂ ဒသမ ၇ ဘီလီယံ တန်ဖိုးရှိတဲ့ ဝယ်ယူမှုကို ၂၀၂၄ ခုနှစ်မှာ ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။
Source: Reuters











