
ဆားဘီးယားနိုင်ငံ ဘဲလ်ဂရိတ်မြို့မှာရှိတဲ့ အစ္စရေးသံရုံးကို ညပိုင်း လုံခြုံရေးတာဝန်ကျ အရာရှိတယောက်ကို ဓား ၂ ချောင်း ကိုင်ဆောင်ထားတဲ့ တိုက်ခိုက်သူက ဒဏ်ရာရအောင် လုပ်ခဲ့လို့ အဲဒီအရာရှိက တိုက်ခိုက်သူကို သေနတ်နဲ့ ပြန်ပစ်ခတ် ရှင်းလင်းလိုက်တယ်လို့ ဆားဘီးယား ယာယီပြည်ထဲရေးဝန်ကြီးက အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီး အီဗီကာဒါချစ်က “ရှာဘက်စ်မြို့ကလို့ ယူဆရပြီး ဘယ်သူမှန်း အတည်မပြုနိုင်သေးတဲ့ အသက်မပြည့်သေးသူ လူငယ်တယောက်ဟာ ဂျန်ဒါမာရီ ရဲတပ်ဖွဲ့ဝင်ဆီ ‘အလ္လာဟ်အက္ကဘား’ လို့ အော်ဟစ်ပြီး ပြေးဝင်လာကာ ဓားနှစ်ချောင်းနဲ့ တိုက်ခိုက်ခဲ့တာပါ”လို့ အီးမေးလ် ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ဒါ့အပြင် ဆားဘီးယားရဲ့ လုံခြုံရေး သတိပေးချက်အဆင့်ကို အမြင့်ဆုံးဖြစ်တဲ့ “အနီရောင်” အဆင့်ထိ တိုးမြှင့်လိုက်ပြီး အဓိကကျတဲ့ နေရာတွေမှာလည်း ရဲတပ်ဖွဲ့အင်အား တိုးမြှင့်ချထားမယ်လို့ ဒါချစ်က ဆိုပါတယ်။ အရာရှိကတော့ ခေါင်းမှာ ဒဏ်ရာအနည်းငယ်ပဲ ရခဲ့တာပါ။
ဒါဟာ ၂ နှစ်အတွင်း ဘဲလ်ဂရိတ်က အစ္စရေးသံရုံးမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လတုန်းကလည်း တိုက်ခိုက်သူတယောက်က ဆားဘီးယား ရဲအရာရှိတယောက်ရဲ့ လည်ပင်းကို ဒူးလေးနဲ့ ပစ်ခတ်ခဲ့ဖူးပါတယ်။
ဆားဘီးယားနိုင်ငံမှာ အောက်တိုဘာ ၂၅ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုက ကာလရှည် ခေါင်းဆောင်ဖြစ်သူ အလက်ဇန္ဒား ဗူးချစ်ကို ဖြုတ်ချနိုင်ခဲ့ပေမဲ့ အစိုးရသစ် မဖွဲ့စည်းနိုင်သေးသမျှ အစိုးရဟောင်းကပဲ ခေတ္တ တာဝန်ယူထားရဆဲ ဖြစ်ပါတယ်။
Source: Reuters











