DVB Logo
Home
မြန်မာသတင်း
ငါးသိုင်းချောင်း၌ နေအိမ်များအတွင်း ရေဝင်ရောက်သဖြင့် ဒေသခံ ၁,၀၀၀ ခန့် ပြောင်းရွှေ့
DVB
·
August 10, 2026
Photo: ကူညီကယ်ဆယ်ရေးအဖွဲ့
Photo: ကူညီကယ်ဆယ်ရေးအဖွဲ့
Donate to DVB

ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့မှာ နေအိမ်တွေထဲ ရေဝင်နစ်မြုပ်လာတာကြောင့် လူအယောက် ၁,၀၀၀ ဝန်းကျင်ကို ကယ်ဆယ်ရေးစခန်းတွေဆီ အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ငါးသိုင်းချောင်းမြို့မှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်လာပြီး သြဂုတ် ၉ ရက် မနက်က စတင်ကာ အိမ်တွေထဲ ရေဝင်နစ်မြုပ်လာတဲ့အတွက် ရွှေဘိုရပ်ကွက်ရှိ အိမ်ထောင်စု ၁၆၁ စုက ရေဘေးသင့် အရပ်သား ၆၁၁ ယောက်၊ မြို့ကွက်သစ်ရပ်ကွက်ရှိ အိမ်ထောင်စု ၁၀၉ စုက ရေဘေးသင့် အရပ်သား ၃၅၆ ယောက်၊ စုစုပေါင်း လူအယောက် ၉၆၇ ယောက်ကို ကယ်ဆယ်ရေးစခန်းတွေဆီ အရေးပေါ် ပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။

ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “ရပ်ကွက်တွေထဲကို လေးမျက်နှာမြို့နယ်ကရေတွေ ဝင်လာတာ။ ဒါ့ကြောင့် ရေကြီးတာ။ ငဝန်ရေတက်တာ မဟုတ်ဘူး။ ရေဝင်လာတာနဲ့ အန္တရာယ်မရှိစေဖို့ အရေးပေါ် ကြိုတင်ပြောင်းရွှေ့လိုက်တာ။ လူတွေ၊ တိရစ္ဆာန်တွေ ထိခိုက်တာ မရှိပါဘူး” လို့ ပြောပါတယ်။

လတ်တလော ရေဘေးသင့် ဒေသခံ အယောက် ၁,၀၀၀ ဝန်းကျင်ကို ငါးသိုင်းချောင်းမြို့က သာသနာ့အလင်းရောင်ကျောင်းတိုက်၊ ပဏ္ဍိတာရုံကျောင်းတိုက်၊ မြို့ဦးကျောင်းတိုက် စတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ယာယီဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့ပေးထားတယ်လို့ သိရပါတယ်။

ငါးသိုင်းချောင်းမြို့ထဲက ရိုးလမ်း၊ ငါးသိုင်းချောင်း ပြည်သူ့ဆေးရုံရှေ့၊ မြစ်ကျိုးအင်း၊ မဲဇလီကုန်းချောင်းတလျှောက်၊ အောင်ဇေယျလမ်း စတဲ့ နေရာတွေမှာ ရေဝင်နစ်မြုပ်မှု ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်က စတင်ပြီး ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေးရွာအနီးက ငဝန်ရေကာတာ ကျိုးပေါက်တာကြောင့် လေးမျက်နှာမြို့နယ်တခုလုံးနီးပါး ရေလွှမ်းမိုးဒဏ်ခံနေရပြီး လေးမျက်နှာနဲ့ ဆက်စပ်နေတဲ့ ရေကြည်မြို့နယ်မှာ စာသင်ကျောင်းတွေ ပိတ်ရတဲ့အထိ ဖြစ်လာတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013