
ထိုင်းနိုင်ငံမှာ ဩဂုတ်လအတွင်း နိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ် သက်တမ်းတိုးမဲ့ မြန်မာအလုပ်သမားတွေဟာ သံရုံးကို အခွန် ဘတ်ငွေ ၅,၀၀၀ ကျော် ပေးဆောင်ရမှာဖြစ်ပြီး အခွန် အပါအဝင် သက်တမ်းတိုးခ ဘတ် ၁၀,၀၀၀ လောက် ကုန်ကျတာကြောင့် အလုပ်သမားတွေ အခက်ကြုံနေပါတယ်။
စစ်အာဏာရှင် လက်အောက်ခံ မြန်မာသံရုံးဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး ထိုင်းရောက် မြန်မာအလုပ်သမားတွေဆီကနေ အခြေခံလစာအပေါ် မူတည်ကာ လစဉ် လစာရဲ့ ၂ ရာခိုင်နှုန်းကို အခွန်အဖြစ် ပေးဆောင်ဖို့ သတ်မှတ်ခဲ့ပါတယ်။
အလုပ်သမားတွေအနေနဲ့ လစဉ် ဘတ် ၁၅၀ နှုန်းနဲ့ အခွန်တွက်ချက်ကာ ပတ်စ်ပို့သက်တမ်းတိုးချိန်မှာ တခါတည်း ပေးဆောင်နေရတာပါ။
၂၀၂၆ ဩဂုတ်လမှာ သက်တမ်းတိုးမဲ့ အလုပ်သမားတွေဟာ အခွန် ၃၄ လစာ၊ စုစုပေါင်း ဘတ် ၅,၁၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
အခွန်အပါအဝင် စာအုပ်ဖိုးနဲ့ ပွဲစားခပါ ထည့်တွက်ရင် စုစုပေါင်း ကုန်ကျစရိတ်ဟာ ဘတ် ၁၀,၀၀၀ လောက် ရှိလာတာကြောင့် လုပ်ခနည်းပါးတဲ့ အခြေခံလုပ်သားတွေအတွက် စာအုပ်သက်တမ်း တိုးခ က ဝန်ထုပ်ဝန်ပိုး ဖြစ်နေပါတယ်။
စာအုပ် သက်တမ်းတိုးဖို့ ပွဲစားတွေကို ပွဲစားခနဲ့ စာအုပ်ဖိုးအပါ ဘတ် ၄,၀၀၀ ကနေ ၆,၀၀၀ အထိ ပေးနေရတယ်လို့ ဆိုပါတယ်။
မြန်မာအလုပ်သမားတယောက်က “ဒီစာအုပ် လိုချင်ရင်တော့ ဒီငွေပမာဏ ငါတို့ သံရုံးကို သွင်းဆိုတဲ့ မဖြစ်မနေ သတ်မှတ်လိုက်တာ ဖြစ်တယ်။ အဲ့တော့ အလုပ်သမားတွေအနေနဲ့ တော်တော် အခက်အခဲ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ အနေနဲ့ လစာက ၁၁,၀၀၀၊ ၁၂,၀၀၀ ဝန်းကျင်ပဲ လည်နေတာပေါ့။ ဒီလိုဆိုရင် သက်တမ်းက ကိုယ်တိုင်လည်း သွားတိုးမရဘူး။ ပွဲစားနဲ့ သွားတိုးရတာဆိုတော့ ကုန်ကျစရိတ်တွေက ၅,၁၀၀ အပြင် ထပ်ဆောင်းကုန်ကျစရိတ်တွေ အများကြီးရှိတော့ အခက်အခဲ ဖြစ်တယ်။ စီအိုင်ပဲဖြစ်ဖြစ်၊ ပတ်စ်ပို့သက်တမ်းတိုးတာပဲဖြစ်ဖြစ် သူတို့က အခွန်နဲ့ ခြိမ်းခြောက်ပြီးတော့ မင်းတို့ ဆီပေးမှ ဆန်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ။ ဒါက အမိန့်အာဏာ သဘောပဲ။ သူတို့အနေနဲ့ ကြေညာချက်ပဲဆိုပေမဲ့ အလုပ်သမားတွေအတွက် တော်တော် အဆင်မပြေတဲ့ အနေအထားပေါ့”လို့ ပြောပါတယ်။
လက်ရှိမှာ ပြည်ပကနေ မြန်မာနိုင်ငံကို နေရပ်ပြန်မဲ့ အလုပ်သမားတွေကလည်း အခွန်ကင်းရှင်းကြောင်း အထောက်အထားတင်ပြမှသာ သံရုံးထောက်ခံစာ ထုတ်ပေးနေသလို၊ ပတ်စ်ပို့ သက်တမ်းတိုးရာမှာလည်း အခွန်ပေးဆောင်ပြီးမှသာ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
နိုင်ငံခြားငွေ လိုအပ်ချက် မြင့်မားနေတဲ့ စစ်အာဏာရှင်က ပြည်ပရောက် မြန်မာလုပ်သားတွေဆီက အခွန်ဝင်ငွေ ပိုမိုရရှိအောင် တင်းကျပ်စွာ ကောက်နေပြီး၊ ကျည်ဆန်ဖိုးရအောင် ရှာဖွေနေတာလို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ထိုင်းရောက်အလုပ်သမားအရေး လှုပ်ရှားသူ AAC အဖွဲ့မှ ကိုရဲမင်းက “အခု ဒီ ၈ လပိုင်းက စလုပ်မဲ့ သူတွေဆိုရင် ဘတ် ၅,၀၀၀ ကျော်ထိ ပေးရတော့မယ်။ ဒါ စာအုပ်ဖိုး၊ ပွဲစားခ ၇,၀၀၀၊ ၈,၀၀၀ မပါသေးဘူး။ ပြီးတော့ မြန်မာပြည် ပြန်ချင်တဲ့သူတွေဆိုရင်လည်း အလုပ်သမား သံအရာရှိကို သတင်းပို့၊ ပြီးရင် မြန်မာသံရုံးမှာ အခွန်သွားတင်၊ မြန်မာပြည်ပြန်တဲ့သူတွေ အကုန် အခွန်တင်ရတာ။ စာအုပ်သက်တမ်းတိုးတဲ့သူတွေလည်း အခွန်တင်ရတာပဲ။ ဒါကတော့ မြန်မာပြည်မှာ လက်ရှိ အုပ်စိုးထားတဲ့ အကြမ်းဖက် စစ်အုပ်စုက ပြည်ပရောက် မြန်မာလုပ်သားတွေဆီကနေ ချွေးနည်းစာ တွေကို ကုပ်သွေးစုပ်ယူတာပဲ။ ပြီးတော့ ဒီကရတဲ့ ငွေတွေနဲ့ မြန်မာပြည်က ပြည်သူတွေကို ပြန်သတ်ဖြတ်နေတယ်။ အင်မတန် ဝမ်းနည်းစရာ၊ စိတ်မကောင်းစရာ အခြေအနေပဲ”လို့ ပြောပါတယ်။
DVB Data Team ရဲ့ အချက်အလက်တွေအရ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဧပြီလကနေ စက်တင်ဘာလအထိ (၉ လတာအတွင်း) ပြည်ပရောက် မြန်မာလုပ်သားတွေ လွှဲပို့တဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၈ ဘီလီယံအထိ ရှိခဲ့ပါတယ်။
ဒီ ၉ လတာပမာဏဟာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ၁ နှစ်လုံးစာနဲ့ ယှဉ်ရင်တောင် သန်း ၅၀၀ ကျော် ပိုများနေပါတယ်။
နိုင်ငံခြားငွေ လိုအပ်ချက် မြင့်မားနေတဲ့ စစ်အာဏာရှင်တပ်အတွက် ပြည်ပလုပ်သားတွေဆီက ရရှိတဲ့ အခွန်ဝင်ငွေဟာ ဆက်လက် မြင့်တက်လာနိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေ က သုံးသပ်နေကြပါတယ်။
ဇွဲသစ်










