
ထိုင်းရောက်မြန်မာတွေ ပတ်စ်ပို့သက်တမ်း တိုးတဲ့အခါ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က လွဲလို့ ကျန်တဲ့ ၈ မြို့နယ်မှာထုတ်ထားတဲ့ ပတ်စ်ပို့တွေကို သက်တမ်း တိုးမပေးတော့ဘူးလို့ သိရပါတယ်။
ဘန်ကောက်မြို့က စစ်အာဏာရှင်ရဲ့မြန်မာသံရုံးမှာ မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုး၊ မုံရွာ၊ မကွေး၊ ပဲခူး၊ ဘားအံနဲ့ မြဝတီမြို့တို့ကနေထုတ်ထားတဲ့ ပတ်စ်ပို့တွေကို သက်တမ်းတိုးတာ ရပ်နားထားပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာထုတ်တဲ့ ပတ်စ်ပို့တွေကိုပဲ လုပ်ဆောင်ပေးတော့တယ်လို့ အကျိုးဆောင်တွေက ပြောပါတယ်။
အခုလို သက်တမ်းတိုးခွင့် ကန့်သတ်တာဟာ ထိုင်းရောက်မြန်မာ သန်းနဲ့ချီအတွက် အခက်အခဲ ပိုရှိလာပြီး အထူးသဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ CDM လုပ်သားတွေနဲ့ စစ်မှုထမ်းတိမ်းရှောင်သူတွေ သက်တမ်းတိုးဖို့ အခက်အခဲ ကြုံနေရတာပါ။
ဘန်ကောက်မှာနေတဲ့ ပတ်စ်ပို့အကျိုးဆောင်တယောက်က “စာအုပ်အနီမှန်သမျှ အကုန်လုံးကို သူတို့က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လောက်ပဲ သူတို့ လဲပေးတော့တယ်။ ကျန်တဲ့မြို့ အကုန်လုံးကို မလဲပေးတာတော့ မဟုတ်ဘူး၊ လောလောဆယ်တော့ မလဲပေးဘူး၊။ ခဏရပ်ထားတယ်ပေါ့။ အဲလိုပုံစံမျိုးနဲ့ပဲ သွားနေတယ်။ ကိုဗစ်ကာလအပြီးမှာ ဒီ MoU လွှတ်လိုက်တဲ့သူ ၁ သိန်းကျော်ရှိတယ်။ အဲအခါကျတော့ ကိုဗစ်ပြီးတာနဲ့ ၂၀၂၁ မှာ နိုင်ငံရေး အာဏာသိမ်းတယ်။ အဲဒီဝန်းကျင်မှာ ထိုင်းကို ထွက်လာတဲ့သူတွေထဲမှာ နိုင်ငံရေးကိစ္စနဲ့ ထွက်ပြေးလာတဲ့သူတွေ ပါနိုင်တယ်၊ ရှောင်လာတဲ့သူတွေ ပါနိုင်တဲ့အတွက် သူတို့ အဲဒါကို ပြန်စစ်ချင်လို့ပေါ့။ MoU သမားတွေအနေနဲ့ နယ်စပ်ကို ပြန်ဆင်း၊ စာအုပ်အသစ်ပြန်လုပ်၊ MoU စာချုပ်အသစ် ပြန်ချုပ်ပြီး ပြန်ဝင်ရမယ်။ ပတ်စ်ပို့ ဥပဒေအရဆိုရှိရင် ကိုယ့်မြို့ကို ပြန်ပြီးလဲရမှာပဲ။ သူက အိမ်ထောင်စု ရှိတဲ့နေရာကို ပြန်ပြီးသွားလဲရမှာ” လို့ ပြောပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ၂၀၂၄ ခုနှစ်ကစပြီး ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ အခြေခံ လစာ ၂၅ ရာခိုင်နှုန်းကို မိသားစုဆီ တရားဝင်လမ်းကြောင်းကနေလွှဲပို့ဖို့ သတ်မှတ်ခဲ့သလို ပြည်ပဝင်ငွေအပေါ် ၂ ရာခိုင်နှုန်း အခွန်ပေးဆောင်ဖို့ စည်းမျဉ်းတွေ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလအတွင်းမှာလည်း မြန်မာနိုင်ငံကိုခွင့်ပြန်လာတဲ့ အလုပ်သမားတွေ ပြည်ပကို ပြန်ထွက်ခွာရာမှာ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းနဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားကြောင်း အထောက်အထားတွေ တင်ပြရမယ့် စည်းကမ်းချက် ထပ်မံသတ်မှတ်လိုက်ပါတယ်။
ထိုင်းရောက် မြန်မာလုပ်သားတွေအတွက် ပတ်စ်ပို့သက်တမ်းတိုးကိစ္စ တင်းကျပ်တာဟာ အလုပ်သမားတွေဆီကနေ အခွန် ၂ ရာခိုင်နှုန်းနဲ့ မိသားစုဆီ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို ပိုမို စိစစ်ချင်တာကြောင့်လို့ ထိုင်းရောက်အလုပ်သမားအရေး လှုပ်ရှားသူတွေက သုံးသပ် ပြောပါတယ်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီက ဦးမိုးကြိုးက “မြို့ ၈ မြို့ထဲမှာ မြဝတီနဲ့ မကွေးက ထိုင်းရောက်ရွှေ့ပြောင်းလုပ်သား အများဆုံးမြို့တွေဖြစ်ပြီးတော့ အခြားမြို့တွေထဲမှာ ပါတဲ့ ပဲခူးနဲ့ ဘားအံလည်း ထိုင်းရောက်ရွှေ့ပြောင်းလုပ်သား အများဆုံးထဲမှာ ပါတယ်။ ဘယ်လိုအခက်အခဲတွေ ဖြစ်လဲဆိုတော့ မြန်မာနိုင်ငံ ပြန်ကြရမှာပေါ့။ မြန်မာနိုင်ငံ ပြန်ကြတဲ့အခါ ဝင်ငွေလစဉ်ဝင်ငွေရဲ့ ၂ ရာခိုင်နှုန်းနဲ့ မိသားစုထံ လွှဲပြောင်းပို့ငွေ ၂၅ ရာခိုင်နှုန်းရယ်၊ ပြီးတော့ တရားဝင်ကြေညာချက်ထဲမှာမပါဘဲနဲ့ ဖိဖိစီးစီးလုပ်လာတဲ့ နိုင်ငံတော်ကလိုအပ်လို့ ဆင့်ခေါ်ရင် စစ်မှုထမ်းပါမယ်ဆိုတဲ့ ခံဝန်လက်မှတ်ရေးထိုးရမှုက ဒီနေရာမှာ သက်ဝင်လှုပ်ရှားသွားမဲ့ သဘော။ မြန်မာနိုင်ငံဘက်မှာ ဒီခံဝန်လက်မှတ်ထိုးတာနဲ့ အခွန် ၂ ရာခိုင်နှုန်း၊ လွှဲပြောင်းငွေ ၂၅ ရာခိုင်နှုန်း မပေးဘဲနေခဲ့တာတွေ မင်းတို့ တခါတည်းပေးခဲ့ကြလို့ မြန်မာဘက်ကို ဆင့်ခေါ်လိုက်တဲ့သဘော သက်ရောက်တာပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြန်မာသံရုံးမှာ PV (အလည်အပတ် ပတ်စ်ပို့) သက်တမ်း တိုးတာနဲ့ စာအုပ်လဲလှယ်တာတွေကို နေပြည်တော်မှာ စစ်ဆေးခွင့်ပြုချက် ရယူပြီးမှ ထုတ်ပေးမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စင်ကာပူ၊ ဩစတြေးလျ၊ နယူးဇီလန်အပါအဝင် အနောက်နိုင်ငံအချို့မှာလည်း PV ပတ်စ်ပို့ သက်တမ်းတိုးတာနဲ့ အမျိုးအစားပြောင်းလဲတာတွေကို တင်းတင်းကျပ်ကျပ် စိစစ်နေပါတယ်။










