
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့မှာ ရွှေ့ပြောင်းအလုပ်သမားလက်မှတ် ကိုင်ဆောင်ပြီး ပွဲစား၊ ကိုယ်စားလှယ်၊ စာရေးစာချီအလုပ် ဝင်လုပ်နေတဲ့ မြန်မာစုံတွဲ ဖမ်းဆီးခံရတယ်လို့ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ မောင်ကိုနဲ့ ၃၃ နှစ်အရွယ် မဆု ဆိုသူ မြန်မာစုံတွဲဟာ လူမှုကွန်ရက်ပေါ်မှာ ပေ့ချ်ထောင်ပြီး ဗီဇာလျှောက်လွှာပြင်ဆင်ပေးခြင်း၊ ဗီဇာသက်တမ်း တိုးပေးခြင်း၊ ယာဉ်အခွန်ဆောင်ပေးခြင်း၊ ချင်းမိုင်ရောက် မြန်မာပြည်သားတွေအတွက် အငှားအိမ် တွေ ရှာဖွေပေးခြင်း စတဲ့အလုပ်ကို လုပ်ကိုင်နေကြောင်း စုံစမ်းသိရလို့ နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီခွဲမှာ မဲ့ဟယ့်ရပ်ကွက်၊ ရတ်တနဆာခါလမ်းရှိ နေအိမ်တလုံးမှာ သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
၂ ယောက်လုံးမှာ အထက်ပါ ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်နေကြောင်း ဝန်ခံပြီး ဝန်ဆောင်ခ တကြိမ်ကို ဘတ် ၃၀၀ မှ ၅၀၀ ထိရကြောင်း၊ ဒီအလုပ် လုပ်လာတာ ၂ နှစ်ရှိပြီလို့ ပြောပါတယ်။
သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာလည်း အားပေးသူ Follower ပေါင်း ၂၀,၀၀၀ ကျော် ရှိနေပါတယ်။
သူတို့ ၂ ယောက်ဟာ အလုပ်သမားမှတ်ပုံတင်ကတ်မှာ အခြေခံအလုပ်ကြမ်းသမားတွေလို့ ဖော်ပြထားပေမဲ့ ဥပဒေက ကန့်သတ်ထားတဲ့ ပွဲစား၊ ကိုယ်စားလှယ်၊ စာရေးစာချီအလုပ် ဝင်လုပ်နေတာကြောင့် လိုအပ်သလို အရေးယူဖို့ အမှတ် ၅ ခရိုင် လဝက ရဲတပ်ဖွဲ့ထံ ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: Chiangmai Immigration / Chiangmai News











