DVB Logo
Home
နိုင်ငံတကာ
ရွေးကောက်ပွဲရှုံးပြီးနောက် ပတ်စ်ပို့အပ်နှံရန် ဖိအားပေးခံခဲ့ရဟု ဘရာဇီး အတိုက်အခံခေါင်းဆောင် ပြော 
DVB
·
October 27, 2026
Photo: Ueslei Marcelino/Reuters
Photo: Ueslei Marcelino/Reuters
Donate to DVB

ဘရာဇီးနိုင်ငံရဲ့ အင်အားကြီး အတိုက်အခံ ခေါင်းဆောင် ဆီးနိတ်အမတ် ဖလာဗီယိုဘော်လ်ဆိုနာရို ဟာ သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးနောက် သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို ပြန်အပ်နှံဖို့ ရဲတပ်ဖွဲ့ရဲ့ ဖိအားပေးတာ ခံခဲ့ရပါတယ်။

သမ္မတရွေးကောက်ပွဲ ဒုတိယအကြိမ် မဲပေးပွဲမှာ မဲရလဒ် ပွတ်ကာသီကာနဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်တရက် အောက်တိုဘာ ၂၆ ရက်မှာပဲ ဖက်ဒရယ်ရဲတပ်ဖွဲ့ (PF) က  နိုင်ငံကူးလက်မှတ်တွေကို အပ်နှံဖို့နဲ့ ပြည်ပထွက်ခွာခွင့် ပိတ်ပင်လိုက်တာလို့ ဘော်လ်ဆိုနာရိုက သူ့ရဲ့ လူမှုကွန်ရက်ကနေ ပြောပါတယ်။

ဒီလို ဆောင်ရွက်တာဟာ တရားလွှတ်တော်ချုပ် တရားသူကြီး အဲလဇန်းဒရီဒီမိုရေးစ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်တယ်လို့ ဘော်လ်ဆိုနာရိုက  ဗီဒီယိုထဲမှာ ပြောထားပါတယ်။ 

သူ့အနေနဲ့ နိုင်ငံပြင်ပကို ထွက်ခွာမယ်လို့ ပြောဆိုခဲ့ခြင်း လုံးဝမရှိဘဲ သူ့ရဲ့ညီဖြစ်သူ အက်ဒွာဒိုရဲ့ အောက်တိုဘာ ၂၃ ရက်က ပြောကြားချက်အပေါ် အခြေခံကာ တနင်္ဂနွေ မဲရလဒ်ထွက် ပြီးပြီးချင်းမှာပဲ အခုလို ပြုလုပ်တာာ သူ့ကို နိုင်ငံရေးအရ ခြိမ်းခြောက် ဖိအားပေးမှုသာ ဖြစ်ကြောင်းလည်း စွပ်စွဲထားပါတယ်။

ရွေးကောက်ပွဲခုံရုံး (TSE) ရဲ့ ထုတ်ပြန်ချက်အရ ခိုင်လုံမဲပေါင်း သန်း ၆၀ နီးပါး ရရှိခဲ့တဲ့ ဘော်လ်ဆိုနာရိုက ၄၈ ဒသမ ၂၁ ရာခိုင်နှုန်းနဲ့ လက်ရှိသမ္မတ လူလာ က ၅၁ ဒသမ ၇၉  ရာခိုင်နှုန်းအသီးသီး ရရှိခဲ့ကြတာပါ။

ဒီရလဒ်ဟာ ဘရာဇီးနိုင်ငံရဲ့ ဒီမိုကရေစီသမိုင်းမှာ မကြုံဖူးသေးတဲ့ ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။ ပထမအကြိမ် မဲပေးပွဲမှာ ဒုတိယနေရာ ရရှိခဲ့သူတယောက်ဟာ ဒုတိယအကြိမ်မှာ အနိုင်ရရှိခဲ့ဖူးတာမျိုး တခါမှ မရှိခဲ့ဖူးပါဘူး။

ဒါပေမဲ့ မဲပေးတဲ့နေ့မှာ တရားလွှတ်တော်ချုပ် တရားသူကြီးက ရွေးကောက်ပွဲခုံရုံး (TSE) ရဲ့ စည်းမျဉ်းကို ကျော်လွန်ပြီး မဲပေးချိန်ကို ည ၇ နာရီအထိ တိုးမြှင့်ပေးခဲ့တဲ့လုပ်ရပ်မှာ မသင်္ကာစရာဖြစ်ကြောင်းနဲ့ လူလာဟာ မဲဝယ်ယူဖို့ ပြည်သူ့ဘဏ္ဍာ ဟေးအိုင်းစ် ငွေ ဘီလီယံ ၅၀၀ နီးပါး အလွဲသုံးစားလုပ်ခဲ့တယ်လို့ ဘော်လ်ဆိုနာရိုက စွပ်စွဲထားပါတယ်။

ဒါကြောင့် လူလာရဲ့ ရွေးကောက်ပွဲ အနိုင်ရမှုကို ပယ်ဖျက်ပေးဖို့ ဥပဒေအရ တရားဝင် တောင်းဆိုသွားမှာဖြစ်ကြောင်း သူက ပြောပါတယ်။

သူ့အနေနဲ့ နိုင်ငံအတွင်းမှ ထွက်သွားမှာမဟုတ်ဘဲ တရားဥပဒေအတိုင်း ရင်ဆိုင်သွားမှာဖြစ်သလို၊ ဆီးနိတ်နဲ့ အောက်လွှတ်တော် ၂ ရပ်လုံးမှာ မဟာမိတ်အမတ်တွေအနိုင်ရရှိထားတာကြောင့် လွှတ်တော်တွင်း အတိုက်အခံ အင်အားစုတွေကို စုစည်းကာ ခံတပ်အဖြစ် အသုံးပြုပြီး တုံ့ပြန်သွားမယ်လို့လည်း အတိုက်အခံ ခေါင်းဆောင်က ဆိုပါတယ်။

သူ့ဖခင် သမ္မတဟောင်း ဂျိုင်းရ်ဘော်လ်ဆိုနာရို ဟာ  ၂၀၂၂ ခုနှစ်က အာဏာသိမ်းရန် ကြိုးပမ်းမှုနဲ့ ထောင်ဒဏ် ၂၇ နှစ်ကျော် ချမှတ်ခံထားရပြီး လက်ရှိမှာ နေအိမ်အကျယ်ချုပ် ကျခံနေရသူ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013