
မက္ကဆီကို အထူးတပ်ဖွဲ့ဝင်တွေဟာ ဟာလစ္စကို မျိုးဆက်သစ် မူးယစ်ရာဇဝတ်ဂိုဏ်း (CJNG) ရဲ့ ထိပ်တန်းခေါင်းဆောင်တယောက်ဖြစ်သူ “အယ်လ် ဟာဒီနဲရို” လို့လည်း သိကြတဲ့ အောဒီးယပ်စ် ဖလိုးရက်စ် ဆီလ်ဗာကို နာယာရစ်တ်ပြည်နယ်မှာ ဧပြီ ၂၇ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ လုံခြုံရေး ဝန်ကြီး အိုမာ ဂါစီယာ ဟာဖွှတ်ချ်က ပြောပါတယ်။
ဖမ်းဆီးရမိသူ ဖလိုးရက်စ် ဆီလ်ဗာဟာ မက္ကဆီကို ပစိဖိတ်ကမ်းရိုးတန်းတလျှောက်ရှိ CJNG ဂိုဏ်းနယ်မြေ အများအပြားကို ထိန်းချုပ်ထားတဲ့ ဒေသဆိုင်ရာခေါင်းဆောင်ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း လုံခြုံရေးစစ်ဆင်ရေးတခုမှာ သေဆုံးခဲ့တဲ့ CJNG ဂိုဏ်းချုပ်ကြီး နမက်ဆီယို အိုဆယ်ဂဲရာ သို့မဟုတ် “အယ်လ် မန်ချို” ရဲ့ နေရာကို ဆက်ခံမဲ့သူလို့လည်း ယူဆရသူ ဖြစ်ပါတယ်။
မက္ကဆီကိုရေတပ်က ဦးဆောင်တဲ့ အဲဒီစစ်ဆင်ရေးဟာ ခေတ်မီနည်းပညာတွေ၊ အမေရိကန် အာဏာပိုင်တွေဆီက ရတဲ့ ထောက်လှမ်းရေးအချက်အလက်တွေနဲ့ ၁၉ လကြာ စောင့်ကြည့်ပြီးမှ ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပွာတို ဗားလာတာ အပန်းဖြေမြို့ရဲ့ မြောက်ဘက် ၂၀ ကီလိုမီတာလောက်အကွာရှိ တောင်ပေါ် အိမ်တလုံးမှာ ပုန်းအောင်းနေတဲ့ ဖလိုးရက်စ်ကို တပ်ဖွဲ့ဝင် ၅၀၀ ကျော်၊ ရဟတ်ယာဉ် ၆ စင်းနဲ့ လေယာဉ်တွေသုံးပြီး ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့တာပါ။
အဲဒီနေရာမှာ သူ့ကို သေနတ်ကိုင်ဆောင်ထားသူ ၆၀ ကျော်နဲ့ ပစ်ကပ်ကား အစီး ၃၀ တို့က လုံခြုံရေး ပေးထားခဲ့ကြောင်း ရေတပ်က ထုတ်ပြန်ခဲ့ပါတယ်။
ဖလိုးရက်စ်ရဲ့ အစောင့်တွေက အာရုံလွှဲတဲ့အနေနဲ့ လူစုခွဲ ထွက်ပြေးခဲ့ပေမဲ့ သူက ရေမြောင်း တခု ထဲမှာ ပုန်းအောင်းဖို့ ကြိုးစားနေချိန်မှာပဲ တွေ့ရှိ ဖမ်းဆီးခံခဲ့ရပါတယ်။
"သေနတ်တချက်မှ ပစ်ခတ်စရာ မလိုဘဲ တိကျသေချာတဲ့ စစ်ဆင်ရေး” နဲ့ အောင်မြင်စွာ ဖမ်းဆီး နိုင်ခဲ့တယ်လို့ ရေတပ်က ထုတ်ပြန်ပါတယ်။
သူ့ရဲ့ ငွေကြေးခဝါချပေးသူ ဆယ်ဇာ အလက်ဟန်းဒရိုး ခေါ် အယ်လ်ဂွဲရို ကွန်တာ ကိုလည်း ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖလိုးရက်စ်ဟာ အမေရိကန်နိုင်ငံမှာ ကိုကင်းနဲ့ ဘိန်းဖြူ ဖြန့်ဖြူးမှုတွေနဲ့ တရားစွဲဆိုခံထားရသူဖြစ်ပြီး သူ့ကို ဖမ်းဆီးနိုင်ရင် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅ သန်းအထိ ပေးမယ်လို့လည်း ကမ်းလှမ်းခံ ထားရသူပါ။
ဖမ်းမိထားတဲ့ ဖလိုးရက်စ် ကိုတော့ နာယာရစ်တ်ပြည်နယ်ကနေ မက္ကဆီကိုစီးတီးမြို့တော်ဆီကို လုံခြုံရေးအပြည့်နဲ့ လွှဲပြောင်းခေါ်ဆောင်သွားပါတယ်။
အခုလို ဖမ်းဆီးနိုင်မှုဟာ လာမဲ့နွေရာသီမှာ အမေရိကန်၊ ကနေဒါတို့နဲ့အတူ ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမဲ့ မက္ကဆီကိုနိုင်ငံရဲ့ လုံခြုံရေးအတွက် အရေးပါတဲ့ လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါတယ်။
Source: Reuters










