
မက္ကဆီကန် မူးယစ်ဆေးဝါးဘုရင် အစ်စမေးလ် အယ်လ်မာယို ဇမ်ဘာဒါဟာ အကြမ်းဖက် စီနာလိုအာ မူးယစ်ဂိုဏ်းရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ ဆယ်စုနှစ်များစွာကြာအောင် ကိုကင်းသန်းပေါင်းများစွာ တင်ပို့ခဲ့တယ်လို့ ဝန်ခံခဲ့အပြီး ဇူလိုင် ၂၀ ရက်မှာ အမေရိကန်အစိုးရရဲ့ ထောင်ဒဏ်တသက် ချမှတ်တာ ခံခဲ့ရပါတယ်။
အမေရိကန် ခရိုင်တရားသူကြီး ဘရိုင်ယန်ကိုဂန်က ဘရွတ်ကလင်း ပြည်ထောင်စုတရားရုံးက ကြားနာမှုတခုအတွင်းမှာ ခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
ဇမ်ဘာဒါဟာ ၂၀၁၉ ခုနှစ်မှာ စီနာလိုအာဂိုဏ်းခေါင်းဆောင် ယွာချင် အယ်လ်ချာပို ဂက်ဇ်မန်းကို ထောင်ဒဏ်တသက် ချမှတ်ခဲ့ပြီးတဲ့နောက်ပိုင်း အမေရိကန်တရားရုံးမှာ ပြစ်ဒဏ်ချမှတ်ခံရတဲ့ အထင်ရှားဆုံး မက္ကဆီကန် မူးယစ်ဆေးဝါးမှောင်ခိုသမားတွေထဲက တယောက် ဖြစ်လာပါတယ်။
အသက် ၇၆ နှစ်အရွယ် ဇမ်ဘာဒါဟာ တရားရေးဌာနက သေဒဏ်မပေးဖို့ ပြောပြီးတဲ့နောက် ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ လိမ်လည်လှည့်ဖြားမှုနဲ့ ရာဇဝတ်မှုလုပ်ငန်းတွေ ဆက်လုပ်တာ အပါအဝင် စွဲချက်တွေအတွက် အပြစ်ရှိကြောင်း ဝန်ခံဖို့ သဘောတူခဲ့ပါတယ်။
စွဲချက်တွေထဲမှာ မဖြစ်မနေ ထောင်ဒဏ်တသက် ချမှတ်ရမဲ့ ပြစ်ဒဏ်လည်း ပါဝင်နေပါတယ်။
ဇမ်ဘာဒါဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ နယူးမက္ကဆီကိုပြည်နယ်က လေယာဉ်ကွင်းအငယ်တခုမှာ သူတို့ရဲ့လေယာဉ် ဆင်းသက်ပြီးတဲ့နောက် ဂက်ဇ်မန်းရဲ့ သားတယောက်ဖြစ်သူ ယွာချင် ဂက်ဇ်မန်း လိုပဲ့ဇ်နဲ့အတူ အဖမ်းခံခဲ့ရပါတယ်။
အဲဒီအချိန်ကစပြီး သားဖြစ်သူက မူးယစ်ဆေးဝါးရောင်းဝယ်မှု စွဲချက်တွေအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
ဇမ်ဘာဒါရဲ့ရှေ့နေ ဖရန့်ခ်ပီရက်ဇ်က ဇူလိုင် ၆ ရက်က တရားရုံးမှာ သူ့အမှုအတွက် တာဝန်ယူဖို့ ဆုံးဖြတ်လိုက်ချိန်မှာ ထောင်ဒဏ်တသက် ချမှတ်ခံရမယ်ဆိုတာကို သူ့အမှုသည်က အပြည့်အဝ သိရှိနေတယ်လို့ ပြောပါတယ်။
ပီရက်ဇ်က အသက် ၇၆ နှစ်အရွယ် ဇမ်ဘာဒါကို လုံလောက်တဲ့ ဆေးကုသမှု ခံယူရမဲ့နေရာမှာ ထားဖို့ အကျဉ်းထောင်ဗျူရိုကို အကြံပြုရေး တရားသူကြီး ကိုဂန်ကို တောင်းဆိုပါတယ်။
ပီရက်ဇ် အကြံပြုထားတဲ့ ထောင်တွေက ထောင်တွေနောက်ကွယ်ကနေ မူးယစ်ဂိုဏ်း လှုပ်ရှားမှုတွေကို ဆက်ညွှန်ကြားနိုင်မဲ့ ဖြစ်နိုင်ခြေ အပါအဝင် ဇမ်ဘာဒါကြောင့် ဖြစ်လာမဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အဆင်သင့် မဖြစ်နိုင်ဘူးလို့ ဘရွတ်ကလင်း အမေရိကန်ရှေ့နေရုံးက ရှေ့နေတွေက ပြောပါတယ်။
ဂက်ဇ်မန်းကတော့ ကော်လိုရာဒိုပြည်နယ်က လုံခြုံရေးအမြင့်ဆုံးထောင်မှာ သူ့ထောင်ဒဏ် တသက်တကျွန်းကို ကျခံနေရပါတယ်။
Source: Reuters











