
DVB
အိန္ဒိယနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ကွန်ဂရက်စ်ပါတီရဲ့ ခေါင်းဆောင် ရာဟူးလ်ဂန္ဒီက အငြင်းပွားစရာ မဲဆန္ဒရှင်စာရင်း ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ ဂျန်နက်ရှ် ကူးမားကို တရားဥပဒေအရ အရေးယူသွားမယ်လို့ ပြောလိုက်ပါတယ်။
နိုဝင်ဘာ ၁ ရက်က နယူးဒေလီမြို့တော်မှာ လူထုထောင်ပေါင်းများစွာ စုဝေးရောက်ရှိလာခဲ့ကြပြီး သူ့ကို ရာထူးကနေဖယ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
မဲဆန္ဒရှင်စာရင်း ပြင်ဆင်မှုဟာ ဝန်ကြီးချုပ် မိုဒီရဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီ ပါတီဖြစ်တဲ့ ဘာရာတီယာ ဂျနာတာပါတီ (BJP) ကို အကျိုးဖြစ်ထွန်းစေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဆန္ဒပြသူတွေက ဒေလီမြို့လယ်က သတ်မှတ်ထားတဲ့ လူထုစုဝေးရာနေရာ ရမ်လီလာ မိုင်ဒန်ဆီ ချီတက်ဖို့ ပြင်ဆင်နေချိန်မှာ အာဏာပိုင်တွေက လုံခြုံရေးကို တင်းကျပ်ထားပြီး ယာဉ်သွားလာမှု လမ်းကြောင်းတွေ ပြောင်းလဲသတ်မှတ်ထားကြောင်း သတိပေးချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနေရာမှာ လူထုထောင်ပေါင်းများစွာ ရောက်နေခဲ့ပြီးသားပါ။ မဲဆန္ဒရှင်စာရင်း ပြင်ဆင်မှုကြောင့် လူပေါင်း သန်း ၁၃၀ ကျော်ရဲ့ နာမည်တွေ စာရင်းကနေ ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒီအရေအတွက်က ဂျပန်တနိုင်ငံလုံးရဲ့ လူဦးရေထက် ပိုများပါတယ်။
မဲစာရင်း ပယ်ဖျက်ခံရတာက BJP ပါတီကို မထောက်ခံလောက်တဲ့ မွတ်စလင် မဲဆန္ဒရှင်တွေနဲ့ တခြား လူနည်းစု အုပ်စုဝင်တွေအပေါ် ပိုသက်ရောက်ခဲ့တယ်လို့ အတိုက်အခံပါတီတွေက စွပ်စွဲ ပြောဆိုကြပါတယ်။
မဲဆန္ဒရှင်စာရင်း ပြင်ဆင်ရခြင်းရဲ့ ရည်ရွယ်ချက်က စာရင်းထပ်နေသူတွေနဲ့ မဲပေးပိုင်ခွင့်မရှိသူတွေကို ဖယ်ရှားပြီး စာရင်းကို ခေတ်နဲ့အညီ ပြင်ဆင်မွမ်းမံဖို့သာ ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
သူတို့အနေနဲ့ ဘယ်ပါတီကိုမှ ဘက်မလိုက်ဘဲ မှားယွင်း ပယ်ဖျက်ခံလိုက်ရတဲ့ မဲဆန္ဒရှင်တွေ စာရင်းပြန်သွင်းနိုင်တယ်လို့ ကော်မရှင်က ပြောပါတယ်။
တရားဝင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို မေးခွန်းထုတ်ခြင်းအားဖြင့် ပြိုင်ဘက်တွေက ဒီမိုကရေစီစနစ်ကို ထိခိုက်ပျက်ပြားအောင် ကြိုးပမ်းနေတယ်လို့ BJP ပါတီက စွပ်စွဲ ပြောဆိုထားပါတယ်။
Source: Reuters











