
ပါကစ္စတန်က အာဖဂန်နစ္စတန်ကို ဇွန် ၂၈ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂၈ ယောက်ထက်မနည်း သေဆုံးခဲ့သလို နယ်စပ်တလျှောက်က အာဖဂန်ပြည်နယ်တွေကို မြေပြင်တပ်တွေပါ စေလွှတ်ထားတယ်လို့ ကုလသမဂ္ဂ အာဖဂန်မစ်ရှင်က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ နောက်ထပ် ၄၉ ယောက် ဒဏ်ရာရခဲ့ပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
အရပ်သားတွေရဲ့ နေအိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ သူရဲဘောကြောင်တဲ့လုပ်ရပ် ဖြစ်သလို ရက်စက်ကြမ်းကြုတ်မှုလည်း ဖြစ်တယ်လို့ အာဖဂန် တာလီဘန်အစိုးရက ရှုတ်ချထားပါတယ်။
ဒါပေမဲ့ ပါကစ္စတန်အစိုးရကတော့ အာဖဂန်နစ္စတန်က ပက်တီးယား၊ ပက်တီကာနဲ့ ကူနာပြည်နယ်တွေမှာရှိတဲ့ စစ်သွေးကြွတွေရဲ့ ပုန်းခိုရာစခန်းတွေကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
သေဆုံးဒဏ်ရာရမှု အများဆုံးဟာ ပက်တီးယားပြည်နယ်က မန်ဒိုခေးလ်ရွာမှာ ဖြစ်တယ်လို့ တာလီဘန် တာဝန်ရှိသူတွေက ပြောပါတယ်။
ပါကစ္စတန် ပြန်ကြားရေးဝန်ကြီး အာတာအူလာ တာရာ ကတော့ ဒါဟာ မကြာသေးခင်က အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေကို တုံ့ပြန်တာဖြစ်ပြီး စစ်သွေးကြွ ၂၉ ယောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဇွန် ၂၇ ရက်က ကရာချိမြို့မှာရှိတဲ့ ပါကစ္စတန်နယ်ခြားစောင့်တပ် ဌာနချုပ် အသေခံဗုံးခွဲခံရလို့ တပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့ပြီးနောက် တရက်အကြာမှာ ပါကစ္စတန်က အခုလို လက်တုံ့ပြန်ခဲ့တာပါ။
အဲဒီဗုံးခွဲမှုကို ပါကစ္စတန် တာလီဘန်အဖွဲ့ခွဲတခုဖြစ်တဲ့ ဂျမားအူအာရာအဖွဲ့က သူတို့လက်ချက်လို့ ဝန်ခံထားပါတယ်။
တိုက်ခိုက်သူ စစ်သွေးကြွ ၃ ယောက် သေဆုံးကာ အာဖဂန်နိုင်ငံသားတယောက်ကိုလည်း ဖမ်းမိထားတယ်လို့ ပါကစ္စတန်ဘက်က ပြောပါတယ်။
ပါကစ္စတန်က အာဖဂန်ကို အကြမ်းဖက်အဖွဲ့တွေ လက်ခံထားတယ်လို့ စွပ်စွဲလေ့ရှိပြီး တာလီဘန်အစိုးရကတော့ ဒီစွပ်စွဲချက်ကို အမြဲတမ်း ငြင်းဆိုလေ့ရှိပါတယ်။











