
ရန်ကုန်မှာ စုံဂဏန်းရက်တွေဆိုရင် ကားအသွားအလာ ပိုရှင်းပါတယ်။ ဘာလို့လဲဆိုတော့ ဒီလထဲမှာ စတင်လိုက်တဲ့ လောင်စာဆီချွေတာရေး အစီအစဉ်အရ ကားနံပါတ် ၂၊ ၄၊ ၆၊ ၈ နဲ့ စတဲ့ကားတွေပဲ မောင်းခွင့်ရှိလို့ပါ။ နံပါတ် ၈ နဲ့ စတဲ့ ကားတွေက ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ ကားတွေအတွက် သီးသန့်ပေးထားတာဖြစ်ပြီး အဲဒီကားအရေအတွက်ကလည်း သိပ်မရှိပါဘူး။ ဒါကြောင့် စုံဂဏန်းရက်တွေမှာ သွားလာရတာ ပိုမြန်ဆန်ပါတယ်။ ကျန်တဲ့ကားပိုင်ရှင်တွေ မောင်းခွင့်ရတဲ့ မဂဏန်းရက်တွေမှာတော့ ကားတွေ ပိုကျပ်ပါတယ်။
ဒီလိုစီစဉ်ရတာက အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်ပြီးနောက်ပိုင်း အလန့်တကြား ချမှတ်လိုက်တဲ့ အစီအမံတွေထဲက တခုပါ။ ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ တချို့ဒေသတွေကို လောင်စာဆီတင်ပို့မှု ပိတ်ပင်ထားပြီးသား ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းက ရေနံတင်ပို့မှု လျော့ကျသွားတာက အခြေအနေကို ပိုဆိုးစေပါတယ်။ နဂိုကတည်းက မြင့်တက်နေတဲ့ ကုန်ဈေးနှုန်း (ငွေကြေးဖောင်းပွမှု) ကို ပိုပြီး ထိုးတက်သွားစေပါတယ်။
ကုန်ဈေးနှုန်းနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ
အခုဆိုရင် ရန်ကုန်မြို့မှာ လူတွေအဓိကပြောနေကြတဲ့ အကြောင်းအရာက ကုန်ဈေးနှုန်းကြီးမြင့်မှု အကြောင်းပါပဲ။ နယ်စပ်တောင်တန်းဒေသတွေနဲ့ ကျေးလက်တွေမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အကြောင်းထက် ကုန်ဈေးနှုန်းအကြောင်းကို ပိုပြောလာကြပါတယ်။ ရန်ကုန်နဲ့ တခြားမြို့ကြီးအများစုကို စစ်ကောင်စီက ထိန်းချုပ်ထားပေမဲ့ ဒီဒေသတွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆက်အသွယ် ပြတ်တောက်နေပါတယ်။ လူတွေ၊ ကုန်စည်တွေအနေနဲ့ ထိုင်းနိုင်ငံကို ကုန်းလမ်းကနေ သွားလာလို့ ရနိုင်သေးပေမဲ့ ခရီးစဉ်က အန္တရာယ်များတဲ့အပြင် လမ်းတလျှောက်မှာ စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့အမျိုးမျိုးကို ဆက်ကြေးပေးနေရပါတယ်။ ဒါကလည်း သွင်းကုန်ဈေးနှုန်းတွေ မြင့်တက်လာရတဲ့ နောက်ထပ် အကြောင်းရင်းတခုပါပဲ။
ဒီအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီက ပြည်ပသွင်းကုန် အစားထိုးရေးကို တွန်းအားပေးနေပါတယ်။ စူပါမားကတ် စင်တွေပေါ်မှာ နိုင်ငံတကာ အမှတ်တံဆိပ်တွေ ပျောက်ကွယ်လာပြီး ပြည်တွင်းဖြစ်တွေနဲ့ အစားထိုးလာပါတယ်။ ဝါရင့်သံတမန်တဦးရဲ့ အဆိုအရ ရုရှားစစ်တက္ကသိုလ်တွေမှာ နှစ်စဉ်သွားတက်နေတဲ့ မြန်မာစစ်အရာရှိ ၃၀၀ လောက်ဟာ စစ်ဗျူဟာတွေချည်းပဲ သင်ယူနေကြတာ မဟုတ်ပါဘူး။ သူတို့ဟာ စီးပွားရေးကို ဘယ်လိုစီမံ ခန့်ခွဲမလဲဆိုတဲ့ 'ပူတင်ပုံစံ' အယူအဆတွေကိုပါ အိမ်ပြန်သယ်လာကြတာပါ။ သူတို့အတွက်တော့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးထက် ပြည်ပကိုအားမကိုးဘဲ ကိုယ့်ဘာသာရပ်တည်ရေး (autarky) က ပိုအရေးကြီးနေပါတယ်။
နိုင်ငံရေးနဲ့ စစ်ရေး အခြေအနေ
ဒီလိုအခြေအနေမျိုးမှာပဲ မြန်မာနိုင်ငံရဲ့ တရားမဝင် လွှတ်တော်သစ်က မတ် ၁၆ ရက်မှာ ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့ပါတယ်။ အတိုက်အခံတွေ ပါဝင်ခွင့်မရဘဲ ဟန်ပြကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ ဒီလွှတ်တော်ဟာ ဧပြီလဆန်းလောက်မှာ နိုင်ငံရဲ့ ခေါင်းဆောင်သစ်တွေကို တရားဝင် ခန့်အပ်ပါလိမ့်မယ်။ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ဆက်ပြီး အာဏာယူထားမယ် ဆိုတာကို လူတိုင်းသိပေမဲ့ သူ ဘယ်ရာထူးကို ယူမလဲ ဆိုတာကတော့ သံသယဖြစ်စရာ ရှိနေပါတယ်။ လေ့လာသူတွေကတော့ သူဟာ သမ္မတရာထူးကို လိုချင်နေတယ်လို့ ထင်ကြပါတယ်။ ဘာလို့လဲဆိုတော့ သမ္မတဖြစ်မှ နိုင်ငံတကာ ထိပ်သီးအစည်းအဝေးတွေကို တက်ခွင့်ရမှာမို့လို့ပါ။ (၂၀၂၁ အာဏာသိမ်းပြီးကတည်းက သူ့ကို အစည်းအဝေးတက်ခွင့် ပိတ်ပင်ထားတာပါ)။ ဒါပေမဲ့ သူ ကာကွယ်ရေးဦးစီးချုပ် ရာထူးကနေ ဖယ်ပေးလိုက်ရင် သူ့နေရာကို နောက်တယောက်က ဝင်လုသွားမှာကိုလည်း သူ စိုးရိမ်နေပုံရပါတယ်။
မိုးရာသီ နီးကပ်လာတာနဲ့အမျှ စစ်တပ်က ထိုးစစ်ဆင်မှုတွေ စတင်နေပါတယ်။ ရုရှားက ထောက်ပံ့ထားတဲ့ ဗုံးကြဲလေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ စစ်သားတယောက်တည်းကနေ လက်နဲ့ ဗုံးပစ်ချနိုင်တဲ့ ကိုယ်တိုင်လုပ် စက်တပ်လေထီးတွေက စစ်တပ်ကို တော်လှန်ရေးအဖွဲ့တွေထက် အသာစီးရစေပါတယ်။ ဒါ့အပြင် အရာရှိတွေက သူတို့ရဲ့ စစ်သားတွေကို ယာဘ စိတ်ကြွဆေးတွေပါ တိုက်ကျွေးနေကြပါတယ်။
ဆင်းရဲမွဲတေမှုနဲ့ လူငယ်တွေရဲ့ အနာဂတ်
ပြဿနာတွေ အများကြီးရှိနေပေမဲ့ ရန်ကုန်မြို့ကတော့ တိုက်ပွဲတွေနဲ့ အလှမ်းကွာဝေးတဲ့ နေရာတခုလို ဖြစ်နေပါတယ်။ ပိုက်ဆံရှိတဲ့သူတွေအတွက်တော့ အခြေအနေက ကောင်းနေတုန်းပါပဲ။ ပြည်ပကနေ ဝင်လာတဲ့ လေယာဉ်တွေပေါ်မှာ ဝယ်ရခက်တဲ့ လူသုံးကုန်ပစ္စည်း အိတ်ကြီးတွေကို သယ်လာတဲ့ “အငှားသယ်ပေးသူတွေ” နဲ့ ပြည့်နေပါတယ်။ ဒါပေမဲ့ အခြေခံလူတန်းစားတွေအတွက်တော့ ဘဝက ပိုပြီး ဆိုးရွားလာပါတယ်။ အမှိုက်ပုံတွေကြားမှာ ခြေဗလာနဲ့ လျှောက်သွားနေတဲ့ ကလေးငယ်တွေနဲ့ ပုပ်ဟောင်နေတဲ့ ချောင်းတွေထဲမှာ ပြန်လည်အသုံးပြုလို့ရမဲ့ အမှိုက်တွေ လိုက်ကောက်နေတဲ့ သူတို့ရဲ့ မိဘတွေအတွက်တော့ နေ့စဉ်ဘဝဟာ ပိုပိုပြီး စိတ်ပျက်စရာ ကောင်းလာနေပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ် စစ်တပ်အာဏာသိမ်းချိန်တုန်းက လူဦးရေရဲ့ လေးပုံတပုံ (၂၅ ရာခိုင်နှုန်း) လောက်က ဆင်းရဲမွဲတေမှုအောက် ရောက်နေခဲ့ရာကနေ အခုဆိုရင် လူဦးရေရဲ့ ထက်ဝက် (၅၀ ရာခိုင်နှုန်း) အထိ ဆင်းရဲတွင်းနက်နေပါပြီ။
ရန်ကုန်ကလူငယ်တော်တော်များများဟာ ပြည်ပကို ထွက်သွားဖို့ စိတ်ကူးနေကြပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ ဗြိတိန်တို့က မြန်မာကျောင်းသားတွေကို ဗီဇာထုတ်ပေးတာ မကြာသေးခင်ကပဲ ရပ်ဆိုင်းလိုက်ပါတယ်။ တချို့လူငယ်တွေကတော့ တိုကျို ဒါမှမဟုတ် ကျိုတိုမြို့က ဘိုးဘွားရိပ်သာတွေမှာ စောင့်ရှောက်ရေးလုပ်သားအဖြစ် အလုပ်ရဖို့ မျှော်လင့်ချက်နဲ့ ဂျပန်စာ သင်ယူနေကြပါတယ်။ တခြားရွေးချယ်စရာတွေကတော့ သိပ်ပြီး မက်လောက်စရာ မရှိပါဘူး။ ထိုင်းနယ်စပ်က ငွေလိမ်တဲ့ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ ဒါမှမဟုတ် စင်ကာပူမှာ ပြည့်တန်ဆာ လုပ်ဖို့လောက်ပဲ ရှိပါတယ်။
မမျှော်လင့်ထားသော ရလဒ်
ရန်ကုန်ကနေ ထွက်ခွာသွားသူတွေရဲ့ နေရာမှာ တိုက်ပွဲဖြစ်ပွားရာ ဒေသတွေကနေ ရောက်လာတဲ့ လူသစ်တွေနဲ့ အစားထိုး ဝင်ရောက်လာပါတယ်။ နယ်စပ်ဒေသတွေကနေ စစ်ဘေးရှောင်လာကြသူတွေဟာ ရန်ကုန်က သူတို့ရဲ့ တိုင်းရင်းသား ဆွေမျိုးတွေဆီ လာနေကြတဲ့အတွက် မြို့ကြီးဟာ ပိုပြီး လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ ဖြစ်လာနေပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေဟာ တနိုင်ငံလုံးကို စည်းလုံးညီညွတ်အောင် လုပ်မယ်ဆိုတဲ့ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကို အောင်မြင်ကောင်း အောင်မြင်နိုင်ပါတယ်။ ဒါပေမဲ့ ရယ်စရာကောင်းတာတခုက သူတို့ရလိုက်တဲ့ စည်းလုံးမှုဆိုတာက တနိုင်ငံလုံးက လူတွေအားလုံး သူတို့ကို “ညီညီညွတ်ညွတ် မုန်းတီးသွားကြတာ” ပဲ ဖြစ်နေပါတော့တယ်။
Ref: The Economist
Photo: DVB










