
ရန်ကုန်မှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီစျေးအပါအဝင် အခြေခံစားသောက်ကုန်တွေ အဆမတန် စျေးတက်လာကြောင့် ပြည်သူလူထုရဲ့ နေစဥ်ဘဝကို ထိခိုက်လာတယ်လို့ အိမ်ရှင်မတွေဆီက သိရပါတယ်။
အရင်က ၁ ပိဿာ ၇,၀၀၀ နဲ့ ၈,၀၀၀ ကြားမှာရှိတဲ့ ကြက်သွန်နီစျေးဟာ စက်တင်ဘာလမကုန်ခင် ၉,၅၀၀ မှစပြီး တက်ခဲ့ရာ အောက်တိုဘာ ၂ ရက်မှာ ၁ ပိဿာ ၁၂,၀၀၀၊ ၁၃,၀၀၀၊ ၁၄,၀၀၀ အထိ ရှိလာတယ်လို့ မြောက်ဥက္ကလာမြို့ခံ အိမ်ရှင်မတယောက်က DVB ကို ပြောပါတယ်။
"ကြက်သွန်နီက စျေးထဲမှာ ၁ ပိဿာ ၁၂,၀၀၀၊ ရပ်ကွက်ထဲမှာဆို ၁,၃၀၀၀၊ ၁၄,၀၀၀ ရှိတယ်။ ဒီလိုပဲ ကြက်သွန်ဖြူဆိုလည်း ၁ ပိဿာ ၁၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ ရှိတယ်။ စားအုန်းဆီက တပိဿာ ၂၁,၀၀၀ နဲ့ ၂၂,၀၀၀ ကြားမှာရှိတယ်။ စျေးတွေက အကုန်တက်တာ၊ ပြန်ကျဖို့ထက် စျေးဆက်မတက်ဖို့ဘဲ ဆုတောင်းနေရတယ်။”
စက်တင်ဘာ ၁၆ ရက်က ၁ ပိဿာ ၁၂,၀၀၀ သာရှိတဲ့ ကြက်သွန်ဖြူစျေးမှာ အောက်တိုဘာ ၂ ရက်မှာ တပိဿာ ၁၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဒီလိုစားသောက်ကုန်တွေ စျေးအဆမတန်ဖြစ်လာတာကြောင့် အခြေခံလူတန်းစားတွေနဲ့ လခစား ဝန်ထမ်းတွေရဲ့ နေ့စဥ်လူမှုဘဝကို ထိခိုက်လာတယ်လို့ စက်ရုံအလုပ်သမားတယောက်က DVB ကို ပြောပါတယ်။
"ဟင်းတခွက်ဖြစ်ဖို့ ဆီတဆယ်သား ၂,၀၀၀၊ ကြက်သွန်နီတတယ်သား ၁,၄၀၀၊ ကြက်သွန်ဖြူ တဆယ်သား ၂,၀၀၀၊ အချိုမှုန့် ၁ ထုပ် ၁,၀၀၀။ ဟင်းစားမဝယ်ရသေးတဲ့ချိန်တောင် ၉,၀၀၀၊ ၁၀,၀၀၀ လောက်ကုန်နေတော့ တနေ့လုပ်ခ တသောင်းခွဲလောက်ပဲရတဲ့ မိသားစုက ရေရှည်ဘယ်လို ရပ်တည်မလဲ။”
ဘုရင့်နောင်ပွဲရုံစျေးကွက်မှာပင် ကြက်သွန်နီ ၁ ပိဿာကို ၉,၇၀၀၊ ၁၀,၀၀၀ နဲ့ ကြက်သွန်ဖြူ ၁ ပိဿာကို ၁၃,၀၀၀ ကနေ ၁၇,၀၀၀ အထိရှိပြီး တဆင့်ခံ ပြန်လည်ရောင်းချသူတွေအနေနဲ့ သယ်ယူ ပို့ဆောင်ရေး ကုန်ကျစရိတ်အတွက် ၁,၀၀၀၊ ၁,၅၀၀ စျေး ပြန်တင်ကြတာလို့ လက်ကား ရောင်းချသူ တယောက်က DVB ကို ပြောပါတယ်။
"ပွဲရုံစျေးနဲ့ ရပ်ကွက်နဲ့ကွာတာပေါ့။ ပွဲရုံက အနည်းဆုံး ၁၀ ပိဿာက စရောင်းတော့ ၉.၅၀၀၊ ၁၀,၀၀၀ နဲ့ ရပေမဲ့ ရပ်ကွက်ထဲမှာ ပြန်ရောင်းသူတွေကျတော့ သယ်ယူစရိတ်တွေကြောင့် ၁,၀၀၀၊ ၁,၅၀၀ စျေးတင်ရောင်းကြတာပါ။”
စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က ကြက်သွန်နီ ၁ ပိဿာကို ၆၇၅ ကျပ်နဲ့ ကြက်သွန်ဖြူ ၁ ပိသာကို ၁၇၅၀ သာရှိပြီး အာဏာသိမ်းပြီးနောက် ၁၀ ဆ၊ အဆ ၂၀ စျေးတက်သွားတယ်လို့ ပွဲရုံမန်နေဂျာတယောက်က DVB ကို ရှင်းပြပါတယ်။
“အာဏာမသိမ်းခင် ၂၀၂၀ နိုဝင်ဘာလက ကြက်သွန်စျေးက အလုံးသန့် ၁ ပိဿာကို ၆၇၅ ကျပ်ပဲ ရှိတယ်၊ ကြက်သွန်ဖြူဆို ၁ ပိဿာ ၁၇၅၀ ရှိတာ။ အာဏာသိမ်းပြီးတော့ ကြက်သွန်နီဆို အဆ ၂၀ တက်သွားတယ်၊ ကြက်သွန်ဖြူဆို ၁၀ ဆ ကျော်လောက် တက်သွားတယ်။ ဒီလိုသာ ဆက်တက် နေမယ်ဆို နောက်ပိုင်း ဟင်းချက်ရင် ကြက်သွန်ဖြူနီတောင် လူတွေထည့်ပြီး ချက်ထည့်မှာ မဟုတ်တော့ဘူး။”
စစ်တပ်အာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဖြူနီစျေးဟာ အဆမတန်မြင့်တက်လာပြီး ကုန်စျေးနှုန်းကြီးမြှင့်မှုဒဏ်ကို အခြေခံ လူတန်းစားတွေနဲ့ လခစားဝန်ထမ်းတွေ ခံစားနေရပါတယ်။










