DVB Logo
Home
မြန်မာသတင်း
နေ့ရော ညပါ မလုံခြုံတော့သည့် ရန်ကုန်မြို့ လမ်းမများနှင့် ရန်ကုန်လူငယ်များ
ကေခိုင်
·
September 22, 2026
Photo: DVB
Photo: DVB
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက လုံခြုံမှုကင်းမဲ့လာတဲ့ ရန်ကုန်မြို့ လမ်းမတွေဟာ စစ်မှုထမ်းဥပဒေကြောင့် တနေ့တနေ့ လုံခြုံရေး ပိုမိုဆိုးရွားလာနေပါတယ်။ 

PACE-Myanmar အဖွဲ့ရဲ့ စစ်တမ်းအရ ရန်ကုန်လူငယ် ၉၀ ရာခိုင်နှုန်းဟာ ညဘက် သွားလာဖို့ စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ 

ရန်ကုန်မြို့ခံ လူငယ်အမျိုးသားတယောက်က “အရင်တုန်းကဆိုရင် ဘီယာဆိုင်တဆိုင်မှာ သောက်ရင်း စိတ်ကူးပေါက်လို့ ‘ငါတို့ ချောင်းသာ သွားကြမယ်’ ဆိုရင် မနက်ရောက်တာနဲ့ ချောင်းသာ ရောက်ရင် ရောက်သွားနိုင်တယ်။ အခုကျတော့ 'ငါတို့ ချောင်းသာ သွားမယ်' ဆိုရင် ချောင်းသာကို မရောက်နိုင်ဘဲ တခြားနေရာကို ရောက်သွားနိုင်တယ်ပေါ့နော်"လို့ ပြောပါတယ်။

လက်ရှိမှာ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မ ဖမ်းဆီးမှုတွေရှိတဲ့ ရန်ကုန်မြို့ရဲ့ လမ်းမတွေဟာ ညဘက်သာမက နေ့ဘက်မှာပါ လုံခြုံမှု ကင်းမဲ့လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မြို့ခံ လူငယ်အမျိုးသားတယောက်က “လုံခြုံရေး စိုးရိမ်ရတာကတော့ ညဘက်တင် မဟုတ်ပါဘူး၊ နေ့ဘက်မှာလည်း ရှိတာပါပဲ။ ညဘက်ကတော့ စိုးရိမ်ရမှု ပိုများတာပေါ့။ ပေါ်တာဆွဲခံရတာပဲ ဖြစ်ဖြစ်၊ ပြန်ပေးဆွဲ ခေါ်ဆောင်ခံရတာပဲဖြစ်ဖြစ်၊ လုယက်ခံရတာပဲဖြစ်ဖြစ် ပေါ့နော်” ပြောပါတယ်။

ဩဂုတ်လအတွင်းက ကောက်ယူခဲ့တဲ့ PACE-Myanmar ရဲ့ စစ်တမ်းအရ ရန်ကုန်မှ လူငယ် ၂,၄၀၀ ကို မေးမြန်းခဲ့ရာမှာ လူငယ်အများစုဟာ နေ့စဉ်ဘဝ သွားလာနေထိုင်ရာမှာ လုံခြုံမှုမရှိလို့ ဖြေဆိုထားကြပါတယ်။

အထူးသဖြင့် ညပိုင်း သွားလာရတဲ့အခါ လုံခြုံရေးအတွက် စိုးရိမ်မှု အမြင့်ဆုံး ဖြစ်နေပြီး အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးခံရမှာနဲ့ လုယက်ခံရမှာကိုအကြောက်ဆုံးဖြစ်နေကြခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် PACE-Myanmar ရဲ့ စစ်တမ်းအရ ဖြေဆိုသူ လူငယ် ၉၀ ရာခိုင်နှုန်းဟာ ညဘက် အပြင်ထွက်ဖို့ စိုးရိမ်မှုနေကြပြီး ၆၅ ရာခိုင်နှုန်းက ခရီးဝေးသွားလာဖို့ စိုးရိမ်နေကြသလို၊ ၁၈ ရာခိုင်နှုန်းက အိမ်ထဲမှာ နေထိုင်တာတောင် လုံခြုံမှုမရှိဘူးလို့ ဖြေဆိုထားတာကို တွေ့ရပါတယ်။

ရန်ကုန်မြို့ခံတွေရဲ့ ပြောပြချက်အရ ည ၇ နာရီကျော်တာနဲ့ မြေနီကုန်းနဲ့ လှည်းတန်းလမ်းဆုံ အပါအဝင် ရန်ကုန်မြို့ရဲ့ လူစည်ကားရာ နေရာတွေကအစ လူသူကင်းမဲ့သွားတာကို တွေ့မြင်နေရတယ်လို့ ဆိုပါတယ်။ 

တဖက်မှာလည်း ရန်ကုန်မြို့ရဲ့ တချို့နေရာတွေမှာ Night Life လို့ခေါ်တဲ့ လူငယ်တွေ သွားလာလေ့ရှိတဲ့ ညဘက် ဘားနဲ့ ကလပ်တချို့ စည်ကားနေတာကို မြို့ခံတချို့က မေးခွန်းထုတ်နေကြပါတယ်။

ရန်ကုန်မြို့တွင်း တချို့ရပ်ကွက်တွေမှာ စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးအဖွဲ့တွေက ည ၇ နာရီကျော်ပါက အပြင်မထွက်ကြဖို့နဲ့ အပြင်ထွက်ပါက တာဝန်မယူကြောင်း သတိပေးထားပါတယ်။

လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကြေးနဲ့ ပြန်လည်ရွေးခိုင်းတဲ့ ဖြစ်စဉ်တွေကိုလည်း မကြာခဏ ကြုံတွေ့လာရကြောင်း ရန်ကုန်မြို့ခံ အမျိုးသမီးတယောက်က ပြောပါတယ်။

တဖက်မှာလည်း လူငယ်တွေဟာ နိုင်ငံရေး မတည်ငြိမ်မှု၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှု၊ ပညာရေး နိမ့်ကျမှုနဲ့ စစ်မှုထမ်းဥပဒေတို့ကြောင့် အနာဂတ်အတွက် ပိုမို စိုးရိမ်ပူပန်လာကြကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်မှုထမ်းဥပဒေ အပတ်စဉ်အသစ် ထွက်လာတဲ့ အကြိမ်တိုင်း ပေါ်တာဆွဲခံရမှုတွေ ပိုမိုများပြားလာကြောင်း ရန်ကုန်မြို့ခံ လူငယ်အမျိုးသမီးတယောက်က ပြောပါတယ်။

"စစ်မှုထမ်း အပတ်စဉ်အသစ် ထွက်လာတဲ့ အချိန်တိုင်း လမ်းတွေပေါ်မှာ လူပြတ်တာတွေ ဖြစ်တယ်၊ ပြီးတော့ ပေါ်တာဆွဲတာတွေလည်း ပိုပိုဖြစ်လာတယ်။ အဲဒီအချိန်ဆိုရင်လေ။ ခုနောက်ပိုင်းကျ ည ၉ နာရီ၊ ၁၀ နာရီလောက် ပြန်ရင်တောင် စိုးရိမ်စိတ် ရှိနေတာပေါ့နော်။ လမ်းမှာလည်း အရင်လို လူတွေ သိပ်မရှိတော့ဘူး၊ ဆိုင်တွေမှာဆိုရင်လည်း လူသိပ်မရှိတော့ပါဘူး။"

လက်ရှိ ရန်ကုန်မြို့မှာ အရင်လို စည်ကားမှု မရှိတော့တဲ့အပြင် ရန်ကုန်မြို့ခံ လူငယ်တွေဟာ လွတ်လပ်စွာ မသွားလာရဲကြဘဲ စိုးရိမ်ကြောက်လန့်မှုတွေနဲ့သာ နေ့စဉ်ဘဝကို ကုန်ဆုံးနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013