
ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ နာကျင်မှုကို ခွန်အားပြောင်းပြီး ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲအတွက် အသုံးချသွားမယ်လို့ အာဆင်နယ်နည်းပြ အာတေတာက ပြောတယ်လို့ Sky Sports မှာ ဖော်ပြပါတယ်။
အာဆင်နယ်အသင်းဟာ နိုင်ငံတကာရက်သတ္တပတ် မတိုင်ခင်က ဗိုလ်လုပွဲမှာ မန်စီးတီးကို (၂-၀) ဂိုးနဲ့ ရှုံးခဲ့လို့ ဖလား ၄ လုံး အိပ်မက် ပျက်ခဲ့ရပါတယ်။
ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ အာဆင်နယ်က မန်စီးတီးထက် တပွဲပိုကစားပြီး ရမှတ် ၉ မှတ်အသာနဲ့ ဦးဆောင်နေသလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ စပို့တင်းလစ္စဘွန်း၊ အက်ဖ်အေဖလားမှာ ဆောက်သမ်တန်တို့နဲ့ ကစားဖို့ ရှိနေပါသေးတယ်။
ဗိုလ်လုပွဲအပြီး ကစားသမားတွေရဲ့ စိတ်ပျက်မှုကို ချက်ချင်းခံစားမိခဲ့ပြီး ဒီအရှုံးကို သင်ခန်းစာယူကာ ရာသီရဲ့ အရေးအကြီးဆုံး အချိန်တွေမှာ အသင်းပိုကောင်းလာအောင် အသုံးချသွားမယ်လို့ နည်းပြ အာတေတာက ဆက်ပြောပါတယ်။
Photo:Reuters










