
တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်က မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် လူ ၂၁ ယောက် သေဆုံးပြီး ၆၁ ယောက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သမ္မတ ရှီကျင့်ဖျင်က အသေအချာ စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားလိုက်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက မေ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မီးရှူးမီးပန်းထုတ်လုပ်ရေး ဗဟိုချက်ဖြစ်တဲ့ ဟူနန်ပြည်နယ်မြို့တော် ချန်းရှာမှာရှိတဲ့ ဟွာရှုန်း မီးရှူးမီးပန်း ထုတ်လုပ်ရေးနဲ့ ပြသရေး ကုမ္ပဏီမှာ မေ ၄ ရက် ညနေ ၄ နာရီ မိနစ် ၄၀ လောက်က ဒီပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
နိုင်ငံပိုင်ရုပ်သံလိုင်း CCTV ကတော့ မီးလောင်ပြာကျသွားတဲ့ စက်ရုံမြင်ကွင်းတွေနဲ့ အပျက်အစီးတွေကို စက်ယန္တရားကြီးတွေနဲ့ ရှင်းလင်းနေတာတွေကို ထုတ်လွှင့်ပြသခဲ့ပြီး မီးသတ်သမားတွေဟာလည်း အပျက်အစီးပုံတွေကြားထဲမှာ မီးငြှိမ်းသတ်နေဆဲ ဖြစ်ပါတယ်။
လယ်ကွင်းပြင်တွေကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေထဲမှာတော့ တောင်တန်းတွေနောက်ခံနဲ့အတူ မီးခိုးလုံးကြီးတွေ အလိပ်လိုက် တက်လာတာကို တွေ့ရသလို၊ လူတွေကို မလှုပ်ရှားကြဖို့ အမျိုးသားတယောက်က ပြတ်ပြတ်သားသား အမိန့်ပေးနေတဲ့အသံတွေကိုလည်း ကြားရပါတယ်။
ရိုက်တာသတင်းဌာနကတော့ ရုပ်သံထဲက တောင်တန်းပုံသဏ္ဌာန်တွေနဲ့ မြေမျက်နှာသွင်ပြင်တွေကို တိုက်ဆိုင်စစ်ဆေးပြီး ဒီနေရာဟာ မှန်ကန်ကြောင်း အတည်ပြုခဲ့သလို၊ ပေါက်ကွဲမှုရက်စွဲကိုလည်း အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ ကိုက်ညီကြောင်းလည်း အတည်ပြုခဲ့ပါတယ်။










