DVB Logo
Home
မြန်မာသတင်း
ဆာဆာကာဝါနှင့် စစ်အာဏာရှင်တို့ တွေ့ဆုံမှု ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူများ စိုးရိမ်
ဇော်ဇော်လှိုင်
·
October 21, 2026
Photo: MOI
Photo: MOI
Donate to DVB

ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ မစ္စတာ ယိုဟေး ဆာဆာကာဝါနဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်တို့ရဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကြား စိုးရိမ်မှုနဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။

မစ္စတာ ဆာဆာကာဝါဟာ အောက်တိုဘာ ၂၀ ရက်က နေပြည်တော်မှာ စစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ ထပ်မံတွေ့ဆုံခဲ့တယ်လို့ စစ်တပ်အာဘော် မြန်မာ့အလင်းသတင်းစာက အောက်တိုဘာ  ၂၁ ရက်မှာ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ နိပွန်ဖောင်ဒေးရှင်းရဲ့ အကူအညီတွေ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပေမဲ့  ဆွေးနွေးမှုရဲ့ အသေးစိတ်နဲ့ သဘောတူညီချက်တွေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

သတင်းစာမှာ မစ္စတာ ဆာဆာကာဝါကို “နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ” လို့ပဲ ဖော်ပြ ထားပြီး ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ်လို့တော့ မဖော်ပြထားပါဘူး။

မစ္စတာ ဆာဆာကာဝါဟာ နိပွန်ဖောင်ဒေးရှင်းရဲ့ ဦးဆောင်သူအဖြစ်သာမက ဂျပန်အစိုးရက ခန့်အပ် ထားတဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် ဆိုတဲ့ တာဝန်လည်း ရှိနေပါတယ်။ ဒါကြောင့် သူ့ရဲ့ လုပ်ဆောင်ချက်တွေမှာ အစိုးရကိုယ်စားလှယ် တာဝန်နဲ့ ဖောင်ဒေးရှင်းရဲ့လုပ်ငန်းတို့ ရောထွေးနိုင်တဲ့ အနေအထား ရှိပါတယ်လို့ တိုကျိုမြို့ မြန်မာသံရုံးမှ CDM သံရုံးအရာရှိ ဦးအောင်စိုးမိုးက DVB ကို ပြောပါတယ်။

“စစ်အုပ်စုနဲ့ ဆာဆာကာဝါရဲ့ တွေ့ဆုံမှု အားလုံးကို ဂျပန်အစိုးရရဲ့ တရားဝင်မူဝါဒကို ကိုယ်စားပြုတယ်၊ သို့တည်းမဟုတ် နိပွန်ဖောင်ဒေးရှင်းရဲ့ သီးခြားဆောင်ရွက်မှုတွေသာ ဖြစ်တယ်လို့ တပေါင်းတည်း သတ်မှတ်လို့မရပါဘူး။ ခရီးစဉ် တခုချင်းစီမှာ ဘာတာဝန်နဲ့ သွားရောက်ခဲ့တာလဲ ဆိုတာကို ခွဲခြားစစ်ဆေး ရှုမြင်ဖို့ လိုအပ်ပါတယ်။ တွေ့ဆုံမှုတိုင်းကို ဂျပန်အစိုးရရဲ့ တရားဝင် စေလွှတ်မှုလို့ ဖော်ပြဖို့ အထောက်အထား မရှိသလို တချိန်တည်းမှာပဲ ဂျပန်အစိုးရနဲ့ လုံးဝဆက်စပ် မှု မရှိတဲ့ ပုဂ္ဂလိက လုပ်ဆောင်မှုလို့ ပြောရင်လည်း ပုဂ္ဂလိက လုပ်ငန်းသဘောသဘာဝထက် ကျော်လွန်နေပါလိမ့်မယ်။ နိုင်ငံရေးအရ သုံးသပ်ရရင်တော့ ဒီတာဝန် ၂ ရပ် ရောယှက်နေမှုနဲ့ ဆက်သွယ်မှု အသေးစိတ် မရှင်းလင်းမှုတွေကြောင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက ပွင့်လင်းမြင်သာမှုရှိဖို့ ဂျပန်အစိုးရကို မေးခွန်းထုတ်နေခြင်း ဖြစ်ပါတယ်။”

၂၀၂၁ ခုနှစ် နိုဝင်ဘာလက မစ္စတာ ဆာဆာကာဝါရဲ့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုဟာ ဂျပန်အစိုးရ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့တာ မဟုတ်သလို ဂျပန်အစိုးရက ကြိုတင်ညှိနှိုင်းပေးခဲ့တာ မရှိကြောင်း ထိုစဉ်က ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟာယာရှိ ယိုရှိမာဆာက တရားဝင် ပြောကြားခဲ့ဖူးပါတယ်။

ထို့အတူ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်နေ့ ဂျပန်လွှတ်တော် ဆွေးနွေးပွဲတွေမှာလည်း လွှတ်တော်အမတ် အိရှိဘာရှိ မိချိဟိရိုက ဆာဆာကာဝါရဲ့ လုပ်ဆောင်မှုတွေကို ထပ်မံမေးခွန်း ထုတ်ခဲ့ရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂိတိုရှိမိဆုက ဆာဆာကာဝါရဲ့ ခရီးစဉ်ဟာ ဂျပန်အစိုးရ ကိုယ်စားလှယ်အဖြစ် မဟုတ်ဘဲ နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် သွားရောက်ခဲ့တာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါပေမဲ့ လွှတ်တော်အမတ် အိရှိဘာရှိက မစ္စတာ ဆာဆာကာဝါ ကိုယ်တိုင် သူ့ရဲ့ ရေးသားချက်တွေမှာ ဂျပန်အစိုးရ ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို အကြိမ် ၁၅၀ ကျော် သွားရောက်ခဲ့ကြောင်း ဖော်ပြထားမှုကို ထောက်ပြခဲ့တာကြောင့် သူ့ရဲ့ တရားဝင်ရာထူးနဲ့ လက်တွေ့ခရီးစဉ်တွေအကြား ဆက်စပ်မှုကို ဂျပန်လွှတ်တော်မှာ ဆက်လက်မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။

အလားတူ ၂၀၂၂ ခုနှစ် နိုဝင်ဘာလက စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) ကြား လူသားချင်းစာနာရေးဆိုင်ရာ အပစ်အခတ်ရပ်စဲမှု ကြားဝင်ဆောင်ရွက်မှုကို နိပွန်ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ရာမှာလည်း ဆာဆာကာဝါရဲ့ “ဂျပန်အစိုးရ အထူးကိုယ်စားလှယ်တာဝန်” ကို အတိအလင်း ဖော်ပြထားခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဆာဆာကာဝါရဲ့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှုတွေဟာ ဂျပန်အစိုးရရဲ့ တရားဝင်မူဝါဒကို ကိုယ်စားပြုသလား ဒါမှမဟုတ် နိပွန်ဖောင်ဒေးရှင်းရဲ့ သီးခြား ဆောင်ရွက်မှုလား၊ အစိုးရရဲ့ တာဝန်ပေးချက်ရှိသလား၊ တွေ့ဆုံပြီးနောက် ဂျပန်အစိုးရထံ ဘယ်လိုအစီရင်ခံခဲ့သလဲ ဆိုတဲ့အပေါ် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအကြား စိုးရိမ်မှုနဲ့ မေးခွန်းထုတ်မှု တွေ ရှိနေပါတယ်။

ဒီလိုတွေ့ဆုံမှု တခုတည်းနဲ့ ဂျပန်အစိုးရက စစ်အုပ်စုကို ထောက်ခံ တရားဝင် အသိအမှတ် ပြုလိုက်ပြီလို့ ကောက်ချက်ချလို့ ရမှာမဟုတ်ဘူးလို့  ဦးအောင်စိုးမိုးက ပြောပါတယ်။

"ကျနော်တို့ စိုးရိမ်နေတဲ့အချက်က ဒီတွေ့ဆုံမှုတွေကို စစ်အုပ်စုက နိုင်ငံတကာ ထောက်ခံမှု ရရှိနေသယောင် အသုံးချနိုင်တာပါ။ အဲဒီလို အသုံးချခံနေရပြီး တွေ့ဆုံသူတွေဘက်ကလည်း ထိထိရောက်ရောက် မရှင်းလင်းဘူးဆိုရင် ငြိမ်းချမ်းရေးအတွက် ဖွင့်ထားတဲ့ ဆက်သွယ်ရေးလမ်းကြောင်းဟာ စစ်အုပ်စုအတွက် နိုင်ငံရေး တရားဝင်မှု တည်ဆောက်ပေးတဲ့ လမ်းကြောင်း ဖြစ်သွားနိုင်ပါတယ်။ ဒီပုံရိပ်ကြောင့် မြန်မာပြည်သူတွေကိုလည်း 'နိုင်ငံတကာက စစ်အုပ်စုနဲ့ ဆက်ဆံနေပြီ၊ မိမိတို့ရဲ့ ခုခံရုန်းကန်မှုကို လျစ်လျူရှုနေပြီ' ဆိုတဲ့ ခံစားချက် ဖြစ်ပေါ်စေနိုင်ပြီး ဂျပန်အပေါ် ယုံကြည်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်" လို့ ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ဆက်လက် ဖြစ်ပွားနေချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နိုင်ငံတကာမှ ထင်ရှားသူတွေရဲ့ တွေ့ဆုံမှုတွေဟာ အမှန်တကယ် ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးတည်နေသလားဆိုတဲ့ မေးခွန်းမှာ ဆက်လက် အရေးပါနေပါတယ်။

ဒါ့ကြောင့် ဂျပန်အစိုးရအနေနဲ့ ရည်ရွယ်ချက် ကောင်းပါတယ် ဆိုရုံမျှနဲ့ မလုံလောက်တော့ဘဲ စစ်အုပ်စုကို ထောက်ခံတာမဟုတ်ကြောင်း လူသိရှင်ကြား ရှင်းပြဖို့နဲ့ လွဲမှားတဲ့ ဖော်ပြချက်တွေကို တုံ့ပြန်ဖို့ တာဝန်ရှိနေကြောင်း၊ တွေ့ဆုံနိုင်ခြင်းဟာ အောင်မြင်မှုမဟုတ်ဘဲ အရပ်သားတွေကို ကာကွယ်ပေးနိုင်မှု၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမှု၊ လူသားချင်းစာနာရေး အကူအညီ တွေ အတားအဆီးမရှိ ရောက်ရှိမှုနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေ ထိခိုက်ခံစား နေရတဲ့ လူထုရဲ့အသံတွေ ပါဝင်မှုစတဲ့ လက်တွေ့ရလဒ်တွေနဲ့ တိုင်းတာရမယ်လို့  ဦးအောင်စိုးမိုးက ပြောပါတယ်။

“ပြည်သူတွေအတွက် အကျိုးရလဒ်ကို မပြနိုင်ဘဲ စစ်အုပ်စုအတွက် ဝါဒဖြန့် အကျိုးအမြတ်ပဲ ထပ်ခါထပ်ခါ ဖြစ်နေတယ်ဆိုရင် ဒီတွေ့ဆုံမှုပုံစံကို ပြန်လည်သုံးသပ်ရပါမယ်။ တွေ့ဆုံနိုင်ခြင်းဟာ နည်းလမ်းတခုပါ။ အောင်မြင်မှုဆိုတာ ပြည်သူတွေ ပိုလုံခြုံလာခြင်းနဲ့ အခွင့်အရေးတွေ ပြန်ရလာခြင်း ဖြစ်ရပါမယ်” လို့လည်း CDM သံရုံးအရာရှိ ဦးအောင်စိုးမိုးက မှတ်ချက်ပြု ပြောဆိုခဲ့ပါတယ်။

မစ္စတာ ဆာဆာကာဝါဟာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရအထူးကိုယ်စားလှယ်အဖြစ် တရားဝင် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါတယ်။

အမေရိကန်နဲ့ မြန်မာစစ်အာဏာရှင်အစိုးရတို့ကြား ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကိစ္စကို သိရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

တိုကျိုဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့်စ်ကပဲ ထပ်မံ ဦးဆောင်ခဲ့ပြီး အမေရိကန်အရာရှိ ၁၀ ယောက်ထက်မနည်း ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။

အောက်တိုဘာလ အစောပိုင်းမှာတုန်းကလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ယာယီသံမှူးဟာ မြန်မာစစ်အာဏာရှင်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ ဒါဟာ လူသိရှင်ကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ တိုကျိုဘက်ကတော့ စစ်အာဏာရှင်အစိုးရကို တရားဝင် အသိအမှတ်ပြုထားတာတော့ မရှိသေးပါဘူး။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ယာယီသံမှူးရဲ့ တွေ့ဆုံမှုဟာ ဂျပန်နိုင်ငံသားတွေ ကာကွယ်ရေး နဲ့ ကုမ္ပဏီတွေ ကူညီရေးအတွက် ဖြစ်တယ်လို့ ဆိုပြီး ဝါတာနာဘေးရဲ့ ခရီးစဉ်ကတော့ လွှတ်တော် အမတ်တယောက်အနေနဲ့ သွားရောက်တာဖြစ်တဲ့အတွက် ဂျပန်အစိုးရရဲ့ တရားဝင် ရပ်တည်ချက် အပေါ် ဘာမှ သက်ရောက်မှု မရှိဘူးလို့ ပြောပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ ၂၀၂၁ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်အာဏာသိမ်းပြီး ဖြုတ်ချခဲ့တာကို ရှုတ်ချခဲ့ပေမဲ့ အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေ လိုမျိုး စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်နဲ့ဆက်နွှယ်တဲ့ အဖွဲ့အစည်းတွေကို ပိတ်ဆို့ အရေးယူတာမျိုးမှာတော့ ပါဝင်လုပ်ဆောင်ခဲ့ခြင်း မရှိပါဘူး။

ဇော်ဇော်လှိုင်

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013