စစ်အာဏာရှင်တပ်ဟာ သူတို့ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုကနေ လွတ်မြောက်အောင် ဒေါ်လာ သန်းနဲ့ချီ အကုန်အကျခံပြီး အမေရိကန်လော်ဘီကုမ္ပဏီ ငှားရမ်းထားတာကို ကွန်ဂရက်လွှတ်တော်အနေနဲ့ အမြန်ဆုံး ပိတ်ပင်တားဆီးပေးဖို့နဲ့ ပြည်တွင်းက ခရစ်ယာန်ဘာသာ၀င်တွေအပေါ် ဖိနှိပ်နေတာကို ရှုတ်ချကြောင်း အမေရိကန် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF) အပါအဝင် လွှတ်တော်အမတ်ဟောင်းနဲ့ ဘာသာရေးခေါင်းဆောင်တွေက အောက်တိုဘာ ၂၈ မှာ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ၁၉၉၈ ခုနှစ် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်အက်ဥပဒေကို ဦးဆောင် ပြဋ္ဌာန်းခဲ့သူ လွှတ်တော်အမတ်ဟောင်း ဖရန့်ဝုဖ်က ဘာသာရေးလွတ်လပ်ခွင့်ဆု ပေးအပ်ပွဲ အခမ်းအနားတခုမှာ ဒီတိုက်တွန်းချက်နဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ထုတ်ဖော် ရှုတ်ချခဲ့တာဖြစ်ကြောင်း မြန်မာ့သုတေသန အင်စတီကျု (BRI) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၂၇ ရက်က ဗာဂျီးနီးယားပြည်နယ်၊ ဖောလ်ချာချ်မြို့မှာ 21Wilberforce အဖွဲ့က ကျင်းပတဲ့ ၂၀၂၆ ခုနှစ် Frank Wolf နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆု ပေးအပ်ပွဲအခမ်းအနားမှာ မစ္စတာ ဖရန့်ဝုဖ်က အခုလို ပြောဆိုခဲ့တာပါ။
၂၀၂၆ ခုနှစ်အတွက် ဘာသာရေးလွတ်လပ်ခွင့်ဆုကို Burma Advocacy Group ရဲ့ အမှုဆောင်ဒါရိုက်တာ သိက္ခာတော်ရဆရာတော် ဒေါက်တာ အေ ရွိုင် မက်ဒ်လီ ကို ချီးမြှင့်ခဲ့ပါတယ်။
မြန်မာ့သုတေသန အင်စတီကျု (BRI) ဥက္ကဋ္ဌ ဆရာ ဇိုတုန်မုန်၊ BRI ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ရော်ဘင်စတူးပ်စ်တို့နဲ့အတူ အမေရိကန်ရောက် ချင်း၊ ကချင်နဲ့ ကရင် နှစ်ခြင်းခရစ်ယာန် ခေါင်းဆောင်တွေ ဒီအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
လွှတ်တော်အမတ်ဟောင်း ဖရန့်ဝုဖ်က မိန့်ခွန်းထဲမှာတော့ မြန်မာစစ်တပ်ဟာ အမေရိကန်နဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ဆိုပြီး ဝါရှင်တန်ဒီစီအခြေစိုက် DCI Group အမည်ရှိ လော်ဘီကုမ္ပဏီကို ၁ နှစ် ဒေါ်လာ ၃ သန်းပေးပြီး ငှားရမ်းထားတာကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သလို၊ အထူးသဖြင့် မြန်မာပြည်ထဲက ခရစ်ယာန်ဘာသာဝင်တွေအပေါ် ပစ်မှတ်ထားပြီး ဘာသာရေးလွတ်လပ်ခွင့်ကို ဆိုးဆိုးရွားရွား ချိုးဖောက်ဖိနှိပ်နေမှုတွေကိုပါ အသေးစိတ် ထောက်ပြသွားပါတယ်။
မြန်မာပြည်က ခရစ်ယာန်တွေရဲ့ အခက်အခဲကို ထုတ်ဖော်ပေးခဲ့သလို၊ စစ်အာဏာရှင်တပ်ရဲ့ လော်ဘီ ငှားရမ်းမှုကို တားမြစ်မဲ့ ဥပဒေလိုအပ်ချက်ကို ထောက်ပြပေးခဲ့တဲ့အတွက် မစ္စတာ ဖရန့်ဝုဖ်ကို ကျေးဇူးတင်ကြောင်း BRI ဥက္ကဋ္ဌ ဆရာ ဇိုတုန်မုန်က ပြောဆိုပါတယ်။
BRI ဘုတ်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ရော်ဘင်စတူးပ်စ်က “စစ်အာဏာရှင်တပ်အနေနဲ့ ဘုရားကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်ပြီး ဘာသာရေးအသိုက်အဝန်းတွေကို ကြောက်လန့် တုန်လှုပ်အောင် လုပ်ဆောင်နေချိန်မှာပဲ ဝါရှင်တန်မှာ ဩဇာလွှမ်းမိုးမှု ရရှိလာအောင် ငွေကြေးသုံးစွဲခွင့် မရှိသင့်ပါဘူး။ ကွန်ဂရက်အနေနဲ့ ဒီလမ်းကြောင်းကို ပိတ်ပင်တားဆီးဖို့ လုပ်ဆောင်သင့်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် (USCIRF) ရဲ့ ၂၀၂၆ မတ်လထုတ် နှစ်ပတ်လည် အစီရင်ခံစာပါ အကြံပြုချက်နဲ့လည်း ထပ်တူကျနေတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေအနေနဲ့ မိမိတို့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုကနေ ရှောင်လွှဲဖို့ အမေရိကန် လော်ဘီကုမ္ပဏီတွေကို ငှားရမ်းအသုံးချတာ မလုပ်နိုင်အောင် ကွန်ဂရက်လွှတ်တော်က ဥပဒေထုတ် ပိတ်ပင်ပေးဖို့ USCIRF က တိုက်တွန်းထားပြီး BRI အဖွဲ့ကလည်း ကြိုဆိုထောက်ခံတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၁၉ ရက်က နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အတွင်းရေးမှူးရုံး (IRF Secretariat) ကနေ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုဆီကို မြန်မာနိုင်ငံက ဖိနှိပ်ခံခရစ်ယာန်တွေကို အကာအကွယ်ပေးဖို့ ဘာသာပေါင်းစုံ လက်မှတ်ထိုးထားတဲ့ တိုက်တွန်းစာတစောင် ပေးပို့ထားခဲ့တာပါ။
မြန်မာ့သုတေသန အင်စတီကျုဟာ အမေရိကန်ပြည်ထောင်စုအခြေစိုက် မူဝါဒဆိုင်ရာ သုတေသနနဲ့ စည်းရုံးလှုံ့ဆော်ရေးပြုလုပ်တဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း တခု ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုတွေ၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီနဲ့ စစ်ကိုင်းတိုင်းတို့ရှိ ခရစ်ယာန် ဘုရားကျောင်းတွေ ဖျက်ဆီးခံရမှု၊ ဘာသာရေးခေါင်းဆောင်တွေ ဖမ်းဆီးခံရတာနဲ့ သတ်ဖြတ်ခံရမှု စတဲ့ မှတ်တမ်းတင် အစီရင်ခံစာတွေ ထုတ်ပြန်လေ့ရှိပါတယ်။











