DVB Logo
Home
Lead Story
စစ်အာဏာရှင်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက် အတုအယောင်ဖြစ်ဟု ABSDF ကြေညာ
DVB
·
November 1, 2026
စစ်အာဏာရှင်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက် အတုအယောင်ဖြစ်ဟု ABSDF ကြေညာ
1 / 19
Photo: ABSDF  
Donate to DVB

အပြစ်မဲ့ပြည်သူတွေကို နေ့စဉ် ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်နေတာ မရပ်တန့်သရွေ့ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ဟာ အတုအယောင်၊ နိုင်ငံရေးထွက်ပေါက် တခုသာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)ကကြေညာပါတယ်။  

ABSDF  ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၃၈ နှစ် မြောက် အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ခုလို ဖော်ပြထားတာပါ။ 

ယနေ့ တိုင်းပြည်အနှံ့အပြား တိုင်းရင်းသားလူမျိုးပေါင်းစုံ ရင်ဆိုင်နေရတဲ့ အခက်အခဲဟာ ပုံဖော်လို့ မရနိုင်-လောက်အောင် ကြီးမားလွန်းလှပြီး အမြန် အဆုံးသတ်ဖို့လိုတယ်၊ ဒါပေမဲ့ တိုင်းပြည်အတွက် အဖြေရှာမှုဟာ “ဆေးမြီးတို”သာ မဖြစ်သင့်ဘဲ ရေရှည်တည်တန့်မဲ့ နိုင်ငံရေးအဖြေရှာမှုတွေ ဖြစ်သင့်တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ စစ်အုပ်စုကသာ ဦးဆောင်တဲ့ ဘယ်နိုင်ငံရေးလုပ်ငန်းစဉ်မှ အောင်မြင်လိမ့်မှာမဟုတ်ဘဲ တိုင်းပြည်ရဲ့ အခက်အခဲကို စုပေါင်းဖြေရှင်းမှသာ ရမယ်လို့ အကြံပြုထားပါတယ်။

ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက “ဒီနေ့ကာလဟာ မြန်မာနိုင်ငံတဝန်းလုံးဟာ ဘယ်ခေတ်နဲ့မှမတူတဲ့ အထွေထွေအကျပ်အတည်းကြီးနဲ့ ရင်ဆိုင်နေရတဲ့ကာလဖြစ်တယ်။ စစ်အာဏာရှင်တွေရဲ့ မတရားဖိနှိပ်မှုတွေကိုလည်း တနိုင်ငံလုံး ဘက်ပေါင်းစုံက ရင်ဆိုင်အံတုရင်း တိုက်ပွဲဝင်နေကြတာ လက်တွေ့အခြေအနေပဲ။ ပြည်သူလူထုကြီး လိုချင်တာက စစ်အာဏာရှင်တွေရဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမဟုတ်ဘူး။ စစ်တပ်က နိုင်ငံ့အရေးမှာ အရာရာ ဗိုလ်ကျ စိုးမိုးနေတာ လက်မခံဘူး။ ငါတို့ လူထု လိုချင်တာက စစ်တပ်ဟာ အရပ်သားအုပ်ချုပ်မှုအောက် ရှိရေးပဲ။ ငါတို့တိုင်းပြည်ကို အများနည်းတူ ဒီမိုကရေစီစနစ် ကျင့်သုံးချင်တယ်။ တိုင်းရင်းသားတွေအတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်စနစ်ပုံစံ တည်ဆောက်ချင်တယ်။ စစ်အာဏာရှင်တွေပြောနေတဲ့ စနစ်နဲ့ပုံစံ မဟုတ်ဘူး။ ဒါကြောင့် ငါတို့ဟာ ထိပ်တိုက်ရင်ဆိုင် အံတုနေရဆဲ ဖြစ်တယ်။ လာမဲ့အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး လှိုင်းတံပိုးတွေ၊ စစ်ရေး မုန်တိုင်းတွေ၊ သံတမန်ရေး လှည့်ဖြားမှုတွေကိုလည်း တော်လှန်ရေးသတိနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်ဖြတ်သန်းကြဖို့ အဖက်ဖက်က ပြင်ဆင်ကြရမယ်”လို့  သဝဏ်လွှာမှာ ပြောပါတယ်။

ABSDF- ကျောင်းသား တပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၃၈ နှစ် မြောက် အထိမ်းအမှတ် အခမ်းအနားတွေကို နိုဝင်ဘာ ၂ ရက် ဒီကနေ့ မနက်က မကဒတ စစ်ကြောင်းတွေမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ABSDF ကျောင်းသားတပ်မတော်ကို ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအပြီး ၁၉၈၈ နိုဝင်ဘာ ၁ ရက်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် လက်နက်ကိုင်တော်လှန်ဖို့ နယ်စပ်ဒေသကို ရောက်လာကြတဲ့ ကျောင်းသားလူငယ်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်အထိလည်း နယ်စပ်ဒေသတလျှောက် အခြေစိုက်ထားတဲ့ အင်အားအကြီးမားဆုံး လူငယ်၊ ကျောင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တခြားတော်လှန်ရေး အင်အားစုတွေနဲ့အတူ စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ၁၉၈၈ ခုနှစ်မှ ၂၀၂၆ခုနှစ် နွေဦးတော်လှန်ရေးကာလအထိ သူရဲကောင်း ပီသစွာ ကျဆုံးခဲ့ကြတဲ့၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ် ပေးဆပ်ခဲ့ကြတဲ့ အကျဉ်းထောင်တွေထဲမှာ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံခဲ့ကြရတဲ့ ရဲဘော်အပေါင်းကို လေးစားတန်ဖိုးထားစွာဖြင့် ဦးညွှတ်အလေးပြုတယ်လို့ ထုတ်ပြန်ချက်မှဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးဟာ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တော်လှန်ရေးပေါင်းစပ် တိုက်ပွဲဝင်ခြင်းရဲ့ အမြင့်မားဆုံး အကျိုးဆက်ဖြစ်တာကြောင့် စစ်အာဏာရှင်စနစ် အကုန်အစင် ချုပ်ငြိမ်းပပျောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး အတွက် လူထုအား၊ နိုင်ငံရေးအား၊ စစ်ရေးအားနဲ့ အစွမ်းကုန်စုပေါင်းဆောင်ရွက်သွားကြဖို့ ABSDF က တိုက်တွန်းလိုက်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013