
ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့နယ်က စပါးခင်းတွေမှာ စပါးဖျက်ခရုတွေကြောင့် လယ်စိုက်ကြတဲ့ ပြည်သူတွေ အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေက မေ ၂၂ ရက်မှာ ပြောပါတယ်။
ဝမ်းရေးအတွက် လယ်ယာစိုက်ပျိုးပြီး စားဝတ်နေရေးဖြေရှင်းဖို့ ပြင်ထားကြပေမဲ့ စစ်ရေး အခြေအနေတွေနဲ့ စပါးဖျက်ပိုးတွေကြောင့် အခက်အခဲ ကြုံနေရတယ်လို့ သိရပါတယ်။
ဒေသခံအမျိုးသားတယောက်က “စပါးဖျက်ပိုးတွေက အဓိက ခရုတွေပေါ့။ အချိန်အခါမဟုတ်ဘဲ မိုးရွာတော့ ပိုးတွေထိတာပေါ့။ စပါးပင်တွေ ပျက်စီးတာရှိတာပေါ့။ စစ်ရေးကြောင့် တချို့က ပြန်လုပ်ချင်ပေမဲ့ မလုပ်ရဲတာလည်းရှိတယ်။ တချို့လည်း ဝမ်းစာအတွက်ဆိုပြီး ပြန်လာ လုပ်ကြတာ ပေါ့နော်” လို့ ပြောပါတယ်။
နမ်းမယ်ခုံမြို့နယ်မှာ စိုက်ပျိုးဧက ၁၀,၀၀၀ ဝန်းကျင်လောက်ရှိပြီး ဧက ၃,၀၀၀ လောက်မှာ ဧက ၁,၀၀၀ လောက်က ပိုးကျနေသလို ကုန်စျေးနှုန်းမြင့်တက်မှု၊ စစ်ရေးအခြေအနေတွေ ကြားကနေ စိုက်ပျိုးနေရတာလို့ သိရပါတယ်။
“ခရုဖျက်တာက ဆက်တိုက်ဖြစ်နိုင်ချေရှိတယ်။ ခုက နွေစပါးပေါ့နော်။ ထွန်ခတွေ စျေးကြီးတာပေါ့၊ ဆီစျေးလည်း တက်တာဆိုတော့။ ဓာတ်မြေသြဇာတွေ ပိုးသတ်ဆေးတွေ ဝယ်ရတာလည်း ရှိတာ ပေါ့။”
စပါးတဧကမှာ စပါးအိတ်ပေါင်း ၃၀ ကနေ ၅၀ ကြား ထွက်နိုင်ချေရှိပေမဲ့ ပိုးကျတာအပြင် ပျိုးပင်စျေး၊ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေကလည်း သိန်းချီရှိနေတာဖြစ်ပြီး ထွန်ယက်ခတွေ ကလည်း စျေးမြင့်တက်နေတယ်လို့ သိရပါတယ်။










