
ကရင်နီပြည်နယ် နန်းမယ်ခုံမြို့နယ်မှာ စစ်အာဏာရှင်တပ်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၁၀ နှစ်နဲ့ ၆ နှစ်အရွယ် ကလေး ၂ ယောက်သေဆုံးပြီး လူငယ်ပိုင်းအရွယ် အမျိုးသား ၁ ယောက်က ထိခိုက်မိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန် ၂၄ ရက် နေ့လယ် ၁ နာရီလောက်မှာ စာသင်ကျောင်းတခုနားကို ဒရုန်းအရမ်းဝဲနေပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ ဗုံးစထိမှန်သေဆုံးခဲ့ရတာလို့ သိရပါတယ်။
ဒေသခံတယောက်က "ဒရုန်းတွေ တအားဝဲတော့ ကလေးတွေကိုအိမ်ပြန်ခွင့်ပေးလိုက်တာ၊ အဲ့နောက် ဒရုန်းနဲ့ တောက်လျှောက်ကြဲတော့ ကလေးတွေထိသွားတာ၊ ၁၀ နှစ် သမီးငယ် ၁ ဦး နဲ့ ၆ နှစ် သားငယ် ၁ ဦး၊ နောက်တယောက်က ကယ်ဆယ်ရေးလုပ်ရင် ဗုံးစထိမှန်တာ"လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ စစ်တပ်က မိုးဗြဲကနေတဆင့် နန်းမယ်ခုံဘက်ကို လက်နက်ကြီးပစ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေကို မကြာခဏပြုလုပ်လေ့ရှိနေတယ်လို့ဆိုပါတယ်။
ဇွန် ၁၅ ရက် မနက်ပိုင်းမှာ နန်းမယ်ခုံမြို့နယ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၂ ယောက် ထိခိုက်မိတယ်လို့ သိရပါတယ်။
ဇွန် ၃ ရက် မနက်ပိုင်းမှာလည်း နန်းမယ်ခုံမြို့နယ်ထဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။











