ဂျပန်နိုင်ငံရဲ့ ကုန်စုံဆိုင်လုပ်ငန်း ဖခင်ကြီးလို့ လူသိများတဲ့ 7-Eleven ဂျပန်ကို တည်ထောင်သူ တိုရှီဖူမီ ဆူဇူကီးဟာ အသက် ၉၃ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
မေ ၁၈ ရက်က ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ Seven & i Holdings ကုမ္ပဏီက မေ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
၁၉၃၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဆူဇူကီးဟာ ၁၉၇၃ ခုနှစ်မှာ အမေရိကန်က Southland ကုမ္ပဏီနဲ့ ပူးပေါင်းပြီး 7-Eleven ဂျပန်ကို စတင်တည်ထောင်ခဲ့တာပါ။ အဲဒီနောက် နောက်တနှစ်မှာ တိုကျိုမြို့မှာ ပထမဆုံးဆိုင်ခွဲကို ဖွင့်လှစ်ခဲ့ပါတယ်။
သူဟာ အဆင်သင့်စားသုံးနိုင်တဲ့ အစားအစာတွေနဲ့ ကုန်ပစ္စည်းတွေ မြန်မြန်ဆန်ဆန် ရောင်းချနိုင်ဖို့ ဒေတာအချက်အလက်တွေကို အသုံးပြုပြီး ဂျပန်နိုင်ငံရဲ့ လက်လီအရောင်းဆိုင်ပုံစံကို ပြောင်းလဲပေးခဲ့ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ဒေဝါလီခံရမဲ့အခြေအနေ ရောက်နေတဲ့ အမေရိကန် မိခင်ကုမ္ပဏီ Southland ကိုလည်း သူကပဲ ဦးဆောင်ပြီး ကယ်တင်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာတော့ Seven & i Holdings အမည်နဲ့ လုပ်ငန်းစုကြီးကို ထပ်မံတည်ထောင်ခဲ့ပါတယ်။
ဒါပေမဲ့ စီမံခန့်ခွဲရေးပိုင်း သဘောထားကွဲလွဲမှုတွေကြောင့် ၂၀၁၆ ခုနှစ်မှာတော့ ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။










