
ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်ကို အသိအမှတ်မပြုဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုဘက်မှာ ဆက်လက်ရပ်တည်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒထုတ်ပြပွဲကို တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ မြန်မာ့အရေးလှုပ်ရှားသူတွေက အောက်တိုဘာ ၂၈ ရက်၊ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြနေစဉ်အတွင်း ဂျပန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၅ ယောက်က နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဝင်ရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထားတွေကို မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။
လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်သေးသလို၊ အတုအယောင် ရွေးကောက်ပွဲကို ဖန်တီးပြီး ပြည်သူက ရွေးချယ်ထားတာမဟုတ်တဲ့ စစ်အာဏာရှင်ကို ဂျပန်အစိုးရအနေနဲ့ မဆက်ဆံသင့်ကြောင်း ဂျပန်အစိုးရဆီ စာနဲ့ရော လူကိုယ်တိုင်ပါ တင်ပြပြောဆိုခဲ့တယ်လို့ ဝင်ရောက်တွေ့ဆုံခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့က ဦးမြင့်ဆွေက DVBကို ပြောပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဘက်ကလည်း မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထား ရပ်တည်ချက်ဟာ ပြောင်းလဲမှုမရှိဘူးလို့ ပြန်လည်ရှင်းပြခဲ့တယ်လို့ ဦးမြင့်ဆွေက ဆက်ပြောပါတယ်။
ဒါ့အပြင် ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ ဦးလှအေးမောင်ကလည်း ရခိုင်ပြည်သူတွေ အပါအဝင် အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ကျူးလွန်နေတဲ့ စစ်အာဏာရှင်ကို တရားဝင်မှု မပေးဖို့၊ အကြမ်းဖက်မှုဒဏ် ခံနေရတဲ့ မြန်မာပြည်သူတွေရဲ့ အသံကို လျစ်လျူမရှုဖို့နဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုဘက်က တစိုက်မတ်မတ် ရပ်တည်ပေးဖို့ ဂျပန်အရာရှိတွေကို အထောက်အထားတွေနဲ့ တင်ပြတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ဂျပန်အစိုးရအနေနဲ့ စစ်အာဏာရှင်နဲ့ သံတမန်ဆက်ဆံရေးမှာ ဂရုစိုက်သင့်ပြီး အသုံးချခံရမှာကို စိုးရိမ်ကြောင်းလည်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူ CDM သံတမန် ဦးအောင်စိုးမိုးက ပြောပါတယ်။
အခုတလော ဂျပန်အစိုးရနဲ့ ဂျပန်လွှတ်တော်အမတ်တွေဟာ စစ်အာဏာရှင်နဲ့ နီးနီးကပ်ကပ် ဆက်ဆံလာတာတွေ ရှိနေတဲ့အတွက် မြန်မာပြည်သူတွေရဲ့ သဘောထားကို သိစေချင်လို့ အခုလို ဆန္ဒပြပွဲကို ကျင်းပရတာလို့ ဆန္ဒပြပွဲ ဦးဆောင်သူတယောက်ဖြစ်တဲ့ ဦးမျိုးမင်းဆွေက ရှင်းပြပါတယ်။
တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ ဆန္ဒပြပွဲကို ဂျပန်ရောက် မြန်မာတိုင်းရင်းသားတွေ သာမက မြန်မာ့အရေး စိတ်ဝင်စားတဲ့ ဂျပန်လူမျိုးတွေပါ လာရောက်ပူးပေါင်းခဲ့ကြပါတယ်။
ဇော်ဇော်လှိုင်











