
၂၀၂၇ ဘဏ္ဍာရေးနှစ်ကစပြီး ဂျပန်နိုင်ငံမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်တွေအတွက် ဂျပန်နိုင်ငံက ပံ့ပိုးပေးရမဲ့ ကုန်ကျစရိတ်ကို အရင်ပမာဏထက် ၃ ဆပိုများတဲ့ ယန်း ၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၉ ဘီလျံ လောက်) အထိ တိုးမြှင့်ပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုထားတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဂျပန်မီဒီယာတွေက ဖော်ပြပါတယ်။
နှစ်နိုင်ငံဟာ ၂၀၂၇ ဘဏ္ဍာရေးနှစ်ကနေစမဲ့ ၅ နှစ်တာ ကာလအတွက် ကုန်ကျစရိတ် ခွဲဝေကျခံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေကို အခုနွေရာသီကတည်းက တိုကျိုမြို့တော်မှာ စတင်ခဲ့ကြတယ်လို့ ကျိုဒိုနဲ့ တခြားဂျပန်သတင်းဌာနတွေက ဖော်ပြပါတယ်။
အောက်တိုဘာလအတွင်း အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့မှာ ထပ်ဆွေးနွေးခဲ့ကြပြီး၊ လာမဲ့အပတ်မှာ ဆွေးနွေးပွဲတွေ နောက်ဆုံးအဆင့်ကို ရောက်လာနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
အမေရိကန်နဲ့ ဂျပန်နှစ်ဖက်စလုံးက အခုနှစ်အတွင်း သဘောတူညီချက်တခု ရဖို့ မျှော်လင့်ထားကြပါတယ်။
အမေရိကန်ဘက်က ခုလိုတောင်းဆိုထားပေမဲ့ ဂျပန်ဘက်ကတော့ ဒီပမာဏကလက်ခံဖို့ ခက်ခဲတယ်လို့ ပြောခဲ့တဲ့အကြောင်း သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။
အိမ်ရှင်နိုင်ငံက ကုန်ကျစရိတ် ပံ့ပိုးပေးရေးဆိုင်ရာ သဘောတူညီချက်တွေကို ပုံမှန်အားဖြင့် ၅ နှစ် တကြိမ် ပြန်သက်တမ်းတိုးလေ့ရှိပါတယ်။
လက်ရှိ သဘောတူညီချက်အရ ၂၀၂၂ ဘဏ္ဍာရေးနှစ်ကနေ ၂၀၂၆ ဘဏ္ဍာရေး နှစ်အထိ ကာလအတွက် ဂျပန်နိုင်ငံဟာ အမေရိကန်တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်အဖြစ် ယန်း ၁ ဒသမ ၀၅၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံလောက်) ကို ကျခံပေးနေပါတယ်။
အမေရိကန်ဘက်က ဖိအားပေးမှုတွေ၊ ပြည်တွင်းနေ ပြည်သူလူထုရဲ့ ကန့်ကွက်မှုတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်တွေကြားမှာ ဂျပန်အစိုးရအနေက ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာကို စဉ်းစားသုံးသပ်နေတယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြပါတယ်။
ဂျပန်နိုင်ငံက သူတို့ ပံ့ပိုးပေးမဲ့ ငွေပမာဏကို ယန်း ၁ ဒသမ ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံလောက်) အထိ တိုးမြှင့်ပေးဖို့ စဉ်းစားနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒါဟာ တနှစ်ကို ယန်း ၃၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၈ ဘီလီယံလောက်) ပံ့ပိုးပေးရမဲ့အဓိပ္ပာယ်ပါ။
ဂျပန်နိုင်ငံဟာ ၁၉၇၈ ခုနှစ်ကတည်းက ဂျပန်နိုင်ငံထဲက အမေရိကန်တပ်ဖွဲ့တွေအတွက် ရန်ပုံငွေတွေ ခွဲဝေချထား ပေးခဲ့တာပါ။
ရန်ပုံငွေတွေကို စစ်အခြေစိုက်စခန်းတွေက အသုံးစရိတ်တွေအပြင် စခန်းအတွင်း အဆောက်အအုံ တွေ ထိန်းသိမ်းပြုပြင်ခြင်းနဲ့ မွမ်းမံခြင်းတို့ အပါအဝင် နေ့စဉ်လုပ်ငန်းဆောင်ရွက်ချက်တွေကို ထောက်ပံ့ကူညီဖို့ သုံးခဲ့ပါတယ်။
Source: Reuters











