
ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့အကြား ပြီးခဲ့တဲ့နှစ်အတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့အပြီး တင်းမာမှုတွေ ဆက်ရှိနေချိန်မှာပဲ ထိုင်းနိုင်ငံဟာ ကမ္ဘောဒီးယားနယ်စပ် အစိတ်အပိုင်းအချို့မှာ အမြဲတမ်း နယ်စပ်ခြံစည်းရိုးခတ်ကို ဆက်လုပ်ဆောင်နေပါတယ်။
ချန်ထဘူရီခရိုင်၊ ပေါင်းနမ်ရွန်မြို့နယ်အတွင်း ၁ ဒသမ ၃ ကီလိုမီတာ ရှည်တဲ့ ပထမဆုံး ခြံစည်းရိုး အပိုင်းကို ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်ပါတယ်။
အဲဒီခြံစည်းရိုးကို အားဖြည့်ကွန်ကရစ်တိုင်၊ နံရံပြားတွေနဲ့ တည်ဆောက်ထားပြီး အထက်မှာ သံမဏိ ဆန်ခါနဲ့ ဆူးကြိုးခွေတွေ တပ်ဆင်ထားတာပါ။
ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အုက်ကရစ်ဘွန်သာနွန်ရဲ့ ပြောကြားချက်အရ အဲဒီခြံစည်းရိုးဟာ အမြင့် ၃ ဒသမ ၆ မီတာ (၁၁ ဒသမ၈ ပေ) ရှိပြီး လက်နက်ငယ် ပစ်ခတ်မှုဒဏ်ကို ကာကွယ်နိုင်အောင် စမ်းသပ်ထားသလို အထက်ပိုင်း သံမဏိဆန်ခါတွေဟာလည်း လာမဲ့ နှစ် ၅၀ အထိ ခံနိုင်ရည်ရှိတယ်လို့ သိရပါတယ်။
စစ်တပ်အနေနဲ့ အဲဒီခြံစည်းရိုးနဲ့ ဆက်စပ်ပြီး နောက်ထပ် ၇ ကီလိုမီတာကျော် ဆက်လက် တည်ဆောက်သွားမှာ ဖြစ်ပြီး ကီလိုမီတာ ၇၀၀ မှ ၈၀၀ လောက်ရှိတဲ့ နယ်စပ်မျဉ်းတလျှောက်လုံးကို စစ်ဆေးထားပြီးတော့ ပင်လယ်၊ ရေစီးကြောင်းနဲ့ ကုန်းတွင်းပိုင်းဆိုတဲ့ အခြေအနေပေါ်မူတည်ကာ အကျိုးရှိပြီး နောင်ပြဿနာမဖြစ်နိုင်မဲ့ နေရာတွေကိုပါ အလားတူ ဆက်လက် တည်ဆောက် သွားမယ်လို့ ဆိုပါတယ်။
၂ နိုင်ငံကြားကာလရှည် နယ်မြေအငြင်းပွားမှုတွေဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်နဲ့ ဒီဇင်ဘာလတွေမှာ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေအထိ ပြင်းထန်ခဲ့ပြီး နယ်စပ်နှစ်ဘက်စလုံးမှာ တပ်ဖွဲ့တွေကို တပ်ဖြန့်ထားဆဲ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် လူ ၁၅၀ လောက်သေဆုံးကာ အနည်းဆုံး လူပေါင်း ၃ သိန်းလောက် အိုးအိမ်စွန့်ခွာခဲ့ရပြီး နှစ်ဘက်စလုံးက စတင်တိုက်ခိုက်ခဲ့ကြောင်း အပြန်အလှန် စွပ်စွဲထားပါတယ်။
၂၀၂၅ ဒီဇင်ဘာကတည်းက စတင်ခဲ့တဲ့ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးကိုတော့ လက်ရှိအချိန်အထိ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။
Source:Reuters











