DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်သယ်အဖွဲ့နှင့် ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်ပြီး ၉ ဦးသေဆုံး
DVB
·
September 30, 2026
Photo : Maesaipress
Photo : Maesaipress
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဖာ့လုံမြို့နယ်ထဲမှာ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့အဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ အပြင်းအထန် ပစ်ခတ်မှုဖြစ်ပြီး မူးယစ်ဆေးသယ်တဲ့အဖွဲ့က အလောင်း ၉ လောင်းနဲ့ အိုက်စ်မူးယစ်ဆေးဝါး အလေးချိန် ၂၇၂ ကီလိုဂရမ် သိမ်းဆည်းရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနယ်ခြားစောင့်တပ်၊ အမှတ် ၁ ကွန်မန်ဒိုတပ်ဖွဲ့နဲ့ ထပ်ကျောက်တာ့ခ် စစ်ကြောင်းက တပ်ဖွဲ့ဝင် တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ နယ်စပ်တလျှောက် မူးယစ်ဆေးဝါးကုန်ကူးမှုနဲ့ တခြားဥပဒေ ချိုးဖောက်မှုတွေ တားဆီးနှိမ်နင်းဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက် ညက မယ်ဖာ့လုံမြို့နယ် ထိတ်ထိုင်းကျေးရွာအုပ်စုထဲမှာ ကင်းလှည့်စောင့်ကြပ်နေခဲ့တယ်၊ ၈ နာရီ မိနစ် ၂၀ လောက်မှာတော့ နယ်မြေ ၈ ပန်မဟန်ကျေးရွာအနီး တောအုပ်ထဲမှာ ကျောပိုးအိတ်ကိုယ်စီလွယ်ထားတဲ့ လူတစု နယ်စပ်တောလမ်းကနေ ဝင်ရောက်လာခဲ့တယ်။

ခန့်မှန်းခြေ လူ ၁၅ ယောက်မှ ၁၇ ယောက်ထိရှိပြီး တာဝန်ရှိသူတွေက စစ်ဆေးဖို့အတွက် လူယောင်ပြပြီး ရပ်တံ့ဖို့ အမိန့်ပေးလိုက်စဉ် တဖက်က အမျိုးအစားမသိ သေနတ်နဲ့ စတင် ပစ်ခတ် လာတယ်၊ ဒါကြောင့် ထိုင်းစစ်တပ်ဘက်က ပြန်လည်ပစ်ခတ်ပြီး နှစ်ဖက် ၁၀ မိနစ်ခန့်အကြာ အပြင်းအထန် ပစ်ခတ်ခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

သေနတ်သံတွေ ငြိမ်သွားတဲ့အခါ ညဉ့်မှောင်နေတာကြောင့် နောက်ထပ် စစ်ဆင်ရေးအဖွဲ့ ၃ ဖွဲ့ပါ စေလွှတ်ပြီး အဆိုပါနေရာတဝိုက်ကို ထိန်းချုပ်ထားလိုက်တယ်၊ စက်တင်ဘာ ၂၉ ရက် မနက်မိုးလင်း ၆ နာရီလောက်မှာ ဖာမိုင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ တပ်ရင်းမှုး ဗိုလ်မှူးကြီး ဆာထစ် ဝိုင်းယနွန်း ဦးဆောင်ပြီး ထပ်ကျောက်တာ့ခ် စစ်ကြောင်းမှူး၊ မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ နယ်မြေခံ ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ အခင်းဖြစ်ပွားတဲ့နေရာ ဝင်ရောက်ကြည့်ရှု စစ်ဆေးတာမှာ ပစ်ခတ်ရာနဲ့ သေဆုံးနေသူ အမျိုးသား ၉ ယောက်အပြင် အနီးတဝိုက် ပြန့်ကျဲနေတဲ့ ကျောပိုးအိတ် အသွင်ပြောင်း ဆာလာအိတ် ၁၆ အိတ် တွေ့ရှိတယ်၊ အိတ်တလုံးစီမှာ အိုက်စ် မူးယစ်ဆေးဝါး အလေးချိန် ၁၇ ကီလိုဂရမ်ခန့် ပါရှိတာကြောင့် စုစုပေါင်း အိုက်စ်ဆေး အလေးချိန် ၂၇၂ ကီလိုဂရမ်ကို သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။

မူးယစ်ဆေးသယ်ဆောင်သူတွေဟာ အိမ်နီးချင်းနိုင်ငံကနေ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဖာ့လုံ မြို့နယ်ထဲကို မူးယစ်ဆေးတွေ မှောင်ခိုတင်သွင်းပြီး ထိုင်းအတွင်းပိုင်းဒေသတွေဆီ ဆက်လက် ဖြန့်ဖြူးဖို့ ကြိုးစားနေတာကြောင့် တားဆီးနှိမ်နင်းရေးတွေ ပိုပြီး အရှိန်မြှင့် ဆောင်ရွက်သွားဖို့ ဗိုလ်မှူးကြီး ဆာထစ် ဝိုင်းယနွန်းက ညွှန်ကြားသွားပါတယ်။

Source: Maesaipress / Khaosod News

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013