
ထိုင်းနိုင်ငံ၊ ပက်ချဘူရီခရိုင်ထဲမှာ ဖမ်းဆီးထားတဲ့ ကရင်တိုင်းရင်းသား ဒေသခံ ၂၆ ယောက်ကို မြန်မာနိုင်ငံဆီ ပြန်လည်ပြည်နှင်ဒဏ်ပေးမဲ့ အစီအစဉ်ကို ချက်ချင်းရပ်ဆိုင်းပြီး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းကနေ ချက်ချင်းလွှတ်ပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ဩဂုတ် ၁၈ ရက်စွဲမှာ ထုတ်ပြန်တောင်းဆိုပါတယ်။
ဩဂုတ် ၁၀ ရက်က ကဲင်ခရာချန် အမျိုးသားဥယျာဉ်အတွင်းက ဘန်ပါဒန်ကျေးရွာကို ထိုင်းစစ်တပ်၊ ခရိုင်နဲ့ သစ်တောအာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ပြီး ထိုင်းနိုင်ငံသားဖြစ်မှု အထောက်အထား မပြသနိုင်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးခဲ့ချိန်မှာ ကရင်တိုင်းရင်းသားတွေ ဖမ်းဆီးခံခဲ့ရတာပါ။
အဆိုပါ စီးနင်းမှုအတွင်း ကလေးသူငယ် ၈ ယောက်နဲ့ ကိုယ်ဝန်ဆောင် ၂ ယောက် အပါအဝင် ဒေသခံ ၂၈ ယောက်ကို ဖမ်းဆီးခဲ့ပြီး ပက်ချဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ အိမ်ထောင်စုဇယား မှတ်ပုံတင်ရှိကြောင်း အတည်ပြုနိုင်ခဲ့တဲ့ ဒေသခံ ၂ ယောက်ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ ကျန်ရှိနေတဲ့ ကရင်တိုင်းရင်းသား ၂၆ ယောက်ကို မြို့တော်ဘန်ကောက်က ဆူအန်ဖလူ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းဆီ ပို့ဆောင်ကာ ဥပဒေအတိုင်း အရေးယူပြီး မြန်မာနိုင်ငံဘက် ပြန်လည်ပြည်နှင်ဒဏ်ပေးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
HRW ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး အီလိန်း ပီယာဆန်က “ကရင်တိုင်းရင်းသား ဒေသခံတွေကို မြန်မာနိုင်ငံဆီ ပြန်ပို့တာဟာ သူတို့ကို ကြီးမားတဲ့ အန္တရာယ်ဆီ တွန်းပို့ရာ ရောက်ပါတယ်" လို့ ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းက စတင်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အဓမ္မဖမ်းဆီးမှုတွေကို ကျူးလွန်နေပြီး ပြည်သူ ၂ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို ၁ သိန်းကျော် အိမ်နီးချင်းနိုင်ငံတွေဆီ စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးခဲ့ရတာပါ။
မကြာသေးမီက တိုက်ပွဲနဲ့ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာချိန်မှာတော့ ထိုင်းအာဏာပိုင်တွေက အဆိုပါ ကရင်ဒေသခံတွေကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေလို့ တဖက်သတ် သတ်မှတ်လိုက်တာကြောင့် ဖမ်းဆီးပြည်နှင်ခံရမဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရကြရတာ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ လွန်ခဲ့တဲ့ ၂ လလောက်ကလည်း ထိုင်းအာဏာပိုင်တွေရဲ့ ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ရတဲ့ ကရင်ဒေသခံ အနည်းဆုံး ၁၀ ယောက်လောက်ဟာ သတင်းအစအန ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ ထိုင်းနိုင်ငံအနေနဲ့ အဆိုပါ ကရင်ဒေသခံ ၂၆ ယောက်ကို ပြန်လည် ပြည်နှင်ဒဏ်ပေးပါက ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး ကွန်ဗင်းရှင်းနဲ့ ဒုက္ခသည်တွေကို ဘေးအန္တရာယ်ရှိတဲ့ နေရာဆီ အဓမ္မ ပြန်မပို့ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ထုံးတမ်းစဉ်လာ ဥပဒေတို့ကို ချိုးဖောက်ရာ ရောက်နိုင်တယ်လို့ HRW အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ကရင်တိုင်းရင်းသားတွေဟာ ကဲင်ခရာချန် အမျိုးသားဥယျာဉ် မပေါ်ပေါက်မီကတည်းက ထိုင်းနဲ့ မြန်မာနယ်စပ် သစ်တောတွေအတွင်း မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ကြသူတွေ ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။











