
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်နားကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ လူငယ် ကျောင်းဆရာ တယောက်ဟာ ဩဂုတ် ၆ ရက်က ကြိုးဆွဲချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားတယ်လို့ ပုဏ္ဏားကျွန်း ဒေသခံတွေဆီက သိရပါတယ်။
စစ်တွေမြို့နယ် ဝါဘိုကျေးရွာကနေ ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ကိုအောင်ဇော်လင်း (၃၀ နှစ်) ဟာ သူတို့ ယာယီနေထိုင်ကြတဲ့ နေအိမ်မှာ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ အဆုံးစီရင်သွားတာလို့ တောင်နားကျေးရွာက အမျိုးသမီးတယောက်က ပြောပါတယ်။
“သူက ဝါဘိုကနေ စစ်ဘေးရှောင်နေတာ။ ကျောင်းဆရာအနေလည်း အရမ်းအေးတယ်။ လူတိုင်းနဲ့ လည်း အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံတတ်တယ်။ ဘာတွေကြောင့် အခုလို ကြိုးဆွဲချ သတ်သေ သွားလဲဆိုတာ တယောက်မှလဲ မသိရကြဘူး။ အိပ်ရာထ နောက်ကျတယ်ဆိုပြီး မိသားစုဝင်တွေက သူအခန်းဝင်ကြည့်ပြီးမှ သေဆုံးနေတာကို တွေ့ရတာ။”
ကိုအောင်ဇော်လင်းမှာ ၂၀၂၄ ခုနှစ် အစောပိုင်းကတည်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ စစ်ဘေးတိမ်းရှောင်နေသူဖြစ်ပြီး စစ်ရှောင်ကလေးငယ်တွေကို စာသင်ပေးနေတဲ့ ကျောင်းဆရာ တယောက်လည်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုအောင်ဇော်လင်း အခုလို သေဆုံးသွားတာဟာ ပညာသင်ကြားနေတဲ့ ကလေးတွေအတွက် ထိခိုက်နစ်နာသလို စိတ်မကောင်းဖြစ်ရတယ်လို့ ဝါဘိုကျေးရွာက စစ်ဘေးရှောင်နေတဲ့ အမျိုးသား တယောက်က ပြောပါတယ်။
“အခု သေသွားတဲ့ လူငယ်လေးက အရမ်း စိတ်သဘောထားကောင်းတယ်။ ကလေးတွေဆိုရင်လည်း စေတနာပါပါနဲ့ စာသင်ပြတာကြောင့် ကလေးတိုင်းချစ်ကြတယ်။ ဆရာတဦးသေဆုံးသွားတော့ ကလေးတွေရဲ့ ပညာရေးအပေါ်မှာလည်း ထိခိုက်နိုင်တာပေါ့။ ကိုယ်ရပ်ရွာက စိတ်ကောင်း စေတနာကောင်းရှိတဲ့ လူငယ်တဦးဖြစ်တာကြောင့် စိတ်မကောင်းဖြစ်ရတယ်။ ဘာကြောင့် ဒီလို လုပ်သွားလဲ ဆိုတာ ဘယ်သူမှ မရှိကြဘူး။”
ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင်ဦးရေ သိန်းနဲ့ချီ နေထိုင်ကြပြီး ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် တောင်နားနဲ့ ကျောက်ဆိပ်ကျေးရွာမှာ စစ်ဘေးရှောင်နေကြတဲ့ အမျိုးသား ၂ ယောက်ဟာ စားဝတ်နေရေး ကျပ်တည်းမှုကြောင့် ကြိုးဆွဲချ သေဆုံးခဲ့သလို၊ ဆင်သည်ကျေးရွာက အမျိုးသမီးငယ်တယောက်လည်း ကြိုးဆွဲချ သေဆုံးမှု ရှိခဲ့ပါတယ်။










