DVB Logo
Home
မြန်မာသတင်း
မူဆယ်နယ်စပ်ဂိတ်၌ ဌာနပေါင်းစုံက မြန်မာလုပ်သားများထံမှ ငွေကြေးတောင်းယူနေ
DVB
·
July 8, 2026
Photo: SMA
Photo: SMA
Donate to DVB

မူဆယ်နယ်စပ်ဂိတ်မှာ တရုတ်နိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မဲ့ အခြေခံလုပ်သားတွေဆီကနေ စစ်ကောင်စီလက်အောက်ခံဌာနအစုံက ခြိမ်းခြောက်ပြီး တရားမဝင် ငွေကြေးတောင်းယူနေတယ်လို့ ပွဲစားတွေနဲ့ အလုပ်သမားတွေဆီက သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ တရုတ်နိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်မဲ့ အခြေခံလုပ်သားတွေဆီကနေ စစ်ကောင်စီလက်အောက်ခံ ဌာနစုံနဲ့ အဖွဲ့စုံက ပြီးခဲ့တဲ့ ဇွန်လကစပြီး တရားမဝင် ငွေကြေးတောင်းယူနေတဲ့အတွက် အလုပ်သမားတွေ အခက်ဖြစ် နေတယ်လို့ ပွဲစားတွေနဲ့ အလုပ်သမားတွေဆီက သိရပါတယ်။

တရုတ်နိုင်ငံကို သွားရောက်နိုင်ဖို့အတွက် နှစ်နိုင်ငံသဘောတူညီချက်အရ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) က ထုတ်ပေးတဲ့ ၆ ညအိပ် ၇ ရက် နေထိုင်ခွင့် “တပတ်ကတ်” တွေ၊ စာအုပ်အနီတွေနဲ့ ဝင်ရောက်တဲ့အချိန်မှာ အဖွဲ့စုံကို အလုပ်သမားတယောက်က ငွေကျပ် ၄,၃၀၀၀ နဲ့ ယွမ် ၅၀ ပေးနေရတာလို့ ဆိုပါတယ်။

နယ်စပ်ဖြတ်ကျော်တာကို ဆောင်ရွက်ပေးနေတဲ့ ပွဲစားတယောက်က ”အခုလောလောဆယ်တော့ မန်ဝိန်းဂိတ်ကတော့ ပိတ်တာပေါ့။ ဆင်ဖြူနဲ့ နန်းတော်မှာပဲ ဝင်ကြတာ။ ဒေသခံတွေကတော့ စာအုပ် အနီနဲ့ ဝင်တာပေါ့နော်။ အဲဒီမှာ သူတို့က ဘာလုပ်လဲဆိုတော့ ဝင်လာပြီဆိုတာနဲ့ အဲဒီဂိတ်တွေရဲ့ အပြင်မှာ စရဖ ရှိတယ်၊ စသုံးလုံး ရှိတယ်။ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရှိတယ်။ နောက် နယ်ထိန်းအဖွဲ့ဆိုတာ ရှိတယ်။ အဲဒီအဖွဲ့တွေကို လူအရေအတွက်အလိုက် ပိုက်ဆံပေး နေရတယ်။ ၂၀၂၃ က စကောက်တာ။ စစချင်း နည်းနည်းကနေ အကုန်လုံးကို ပေးရတဲ့ ဌာနတွေ တဖြည်းဖြည်း ပိုများလာတာ” လို့ ပြောပါတယ်။

DVB က လက်ခံရရှိတဲ့ စာရွက်စာတမ်းတွေအရ တရားဝင်​ပေးရတဲ့ လဝက (ကတ်ဖိုး) ၁,၀၀၀ ကျပ်အပြင် (အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့) စစစကို ၁၀,၀၀၀ ကျပ်၊ (စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့) စရဖကို ၁၀,၀၀၀ ကျပ်၊ နယ်ထိန်းကို ၅,၀၀၀ ကျပ်၊ နယ်မြေရဲစခန်းကို ၅,၀၀၀ ကျပ်၊ SB (အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့) SBကို ၅,၀၀၀ ကျပ်၊ CID (မှုခင်းစုံစမ်းစစ်ဆေးရေး) ၅,၀၀၀ ကျပ်နဲ့ (လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့) ကို တရုတ်ယွမ် ၅၀ ပေးရတာကို တွေ့ရပါတယ်။

ဝင်ရောက်ခွင့်အတွက် လျှောက်ထားရာမှာ မှတ်ပုံတင်မူရင်း၊ Smart Card (UID) ပါဖို့ လိုအပ်တဲ့ အပြင် အသက် ၃၅ နှစ်ပြည့်ပြီးသူ အမျိုးသားတွေနဲ့ အသက် ၂၇ နှစ် ပြည့်ပြီးတဲ့ အမျိုးသမီးတွေ ကိုသာ ကန့်သတ်ချက်တွေနဲ့ ထုတ်ပေးနေတယ်လို့ သိရပါတယ်။

အလုပ်သမားတယောက်က “တဖက်ကိုကူးမဲ့ကတ် မလုပ်ရသေးဘူး၊ အဲဒီဂိတ်တွေရဲ့ အပြင်မှာကိုပဲ အဲဒီအဖွဲ့တွေကို ပေးရတာ။ ပြီးမှ Smart ကတ်၊ မှတ်ပုံတင်နဲ့ မူရင်းရော၊ မိတ္တူရော အကုန်ယူပြီး တော့ ဒီဂိတ်ထဲကို ဝင်လာရတယ်။ ဘယ်သူ့တိုင်ရမှန်းမသိဘူး။ တရုတ်ဘက်ရောက်တာနဲ့ အကြွေးက ဆပ်ရတယ်။ လုံးခနဲ အကုန်လုံး မဆပ်ရဘူး။ ကျနော်တို့ လစာထဲကနေမှ တလကို ယွမ် ၅၀၀၊ ယွမ် ၁,၀၀၀ အဲလိုမျိုး ရတဲ့လစာပေါ်မှာ မူတည်ပြီးတော့ သူတို့ဖြတ်တာ” လို့ ပြောပါတယ်။

လက်ရှိ မူဆယ်လဝကရုံးမှာ တရက်ကို တရုတ်နိုင်ငံထဲ ဝင်ရောက်အလုပ်လုပ်ကိုင်မဲ့သူ အယောက် ၂၀၀ ကျော်အထိ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်လက်အောက်ခံ အဖွဲ့အစည်းပေါင်းစုံက နေ့စဉ် တရားမဝင် ခြိမ်းခြောက် ကောက်ခံ နေတဲ့ ဒီငွေကြေးပမာဏဟာ တရက်ကို သိန်း ၈၀ ကျော်နဲ့ တရုတ်ယွမ် ၁၀,၀၀၀ ရှိနေပါတယ်။ 

လင်းအိမ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013