
ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့် မွေးနေ့ အကြိုဆုတောင်းပွဲနဲ့ “Proof of Life” လှုပ်ရှားမှုကို ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဗန်ကူးဗား၊ ဆာရီအရပ်ရှိ ဟော်လန်ပန်းခြံမှာ ဒေသအချိန် ဇွန် ၁၃ ရက်က ကျင်းပပါတယ်။
ဒီဆုတောင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့လည်း စစ်အာဏာရှင်ကို တောင်းဆိုခဲ့ကြပါတယ်။ Burmese Canadian Society BC (BCSBC) ကစီစဉ်ကျင်းပတဲ့ ဒီလှုပ်ရှားမှုမှာ မြန်မာ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားတဲ့ ဗန်ကူးဗားရောက် မြန်မာပြည်သူတွေပူးပေါင်းပါဝင်ခဲ့ကြပြီး ကဗျာရွတ်ဆိုတာ၊ မိုးပျံပူဖောင်းတွေ လွှတ်တင် ဆုတောင်းတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
Proof of Life လှုပ်ရှားမှုနဲ့ အတူ မြန်မာအစားအစာတွေကို ရောင်းချတဲ့ ရန်ပုံငွေစျေးရောင်းပွဲကို လည်း ကျင်းပသွားပါတယ်။










