
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နဲ့ ၁၀၅ မိုင်က တအာင်းပြည်ပညာရေးကောင်စီ (TLEC) ရဲ့ စာသင်ကျောင်း ၃၀၀ ကျော်ကို ကိုးကန့်တပ် (MNDAA) က ပိတ်သိမ်းလိုက်တယ်လို့ စစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက် TNLA ဘက်က ဖွင့်လှစ်ထားတဲ့ TLEC ကျောင်းတွေကို ကွတ်ခိုင်ပဋိပက္ခအပြီး MNDAA က ကွတ်ခိုင်မြို့ကို ထိန်းချုပ်ပြီးနောက် ပိတ်သိမ်းလိုက်တာဖြစ်ပြီး MNDAA ရဲ့ စာသင်ကျောင်းတွေ အစားထိုး ဖွင့်လှစ်မယ်လို့ ဆိုပါတယ်။
MNDAA စစ်ရေးသတင်းရင်းမြစ်တယောက်က “TLEC က ဖွင့်လှစ်ထားတဲ့ ကျောင်းတွေကတော့ ကျနော်တို့ အထူးဒေသ ၁ ထဲမှာဖြစ်တဲ့အတွက် ဖွင့်ခွင့်တော့ ပေးတော့မှာ မဟုတ်တော့ဘူးဗျ။ အထူးဒေသ ၁ ဘက်ကပဲ ကျောင်းတွေဖွင့်တော့မှာပါ။ တရုတ်စာ မသင်မနေရဆိုတာတော့ မဟုတ်ပါဘူး။ NLD အစိုးရလက်ထက်က သင်ရိုးအတိုင်း KG + 12 အထိ သင်ကြားပေးမှာပါ” လို့ DVB ကို ပြောပါတယ်။
အဲဒီ ကွတ်ခိုင်မြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက TLEC ကျောင်းတွေ အများစုဟာ ၁၀၂၇ စစ်ဆင်ရေးအပြီး အစိုးရကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ထားတာဖြစ်ပြီး မူဆယ် ၁၀၅ မိုင်မှာရှိတဲ့ TLEC ကျောင်းတွေကိုလည်း ပိတ်သိမ်းလိုက်တာလို့ ဆိုပါတယ်။
TLEC ကျောင်းတွေ ပိတ်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး TNLA စစ်ရေးသတင်းအရင်းအမြစ်ကလည်း အတည်ပြုပြီး အဲဒီလိုပိတ်သိမ်းတာဟာ ကွတ်ခိုင်မြို့ကို MNDAA ဘက်က ထိန်းချုပ်လိုက်တာကြောင့် ဖြစ်တယ်လို့ DVB ကို အတည်ပြုပါတယ်။
MNDAA ဘက်ကတော့ ကွတ်ခိုင်ခရိုင် အပါအဝင် သိန္နီ၊ မုံးကိုးနဲ့ လောက်ကိုင်ခရိုင်တွေမှာ ကျောင်းပေါင်း ၁၀၀ ကျော် ဖွင့်လှစ်သွားမှာဖြစ်ပြီး အဲဒီကျောင်းတွေက အောင်မြင်တဲ့ ကျောင်းသားတွေကို ဒီနှစ်ထဲဖွင့်လှစ်ဖို့ ရည်ရွယ်ထားတဲ့ ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်နဲ့ ကွန်ပျူတာတက္ကသိုလ်တွေမှာ တက်ရောက်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ MNDAA ရဲ့ ခရိုင်တွေအားလုံးမှာ ကျောင်းသား၊ ကျောင်းသူ ၂၀,၀၀၀ ကျော်ကို ဆရာ၊ ဆရာမ ၈၀၀ ကျော်နဲ့ ပညာသင်ကြားနေပြီး မူလတန်းက အခမဲ့ဖြစ်သလို မိခင်ဘာသာစကား သင်ကြားပေးမဲ့ တိုင်းရင်းသား ဆရာ၊ ဆရာမတွေကိုလည်း ခန့်အပ်ထားပါတယ်။










