
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဝါရီဆူးပလိုင်တိုက်ပွဲမှာ ကယန်းအမျိုးသားတပ်မတော် (KNA) အမှတ် ၂၁ဝ၈ တပ်ရင်းက ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ တပ်ရင်းက စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
KNA အမှတ် ၂၁၀၈ တပ်ရင်းက ရဲဘော် ခွန်းလုကာပန်းနဲ့ ရဲဘော် ခွန်းမာနွေးလယ် တို့ဟာ စက်တင်ဘာ ၁၄ ရက်နေ့မှာ စစ်အာဏာရှင်တပ်ကို တော်လှန်ရင်း ရှေ့တန်းမှာ ကျဆုံးခဲ့ရတာလို့ သိရပါတယ်။
KNA ပြန်ကြားရေးတာဝန်ရှိသူက “ပထမတယောက်တော့ ပွဲချင်းပြီး ချက်ချင်းကျသွားတယ်။ နောက်တယောက်ကတော့ မီးခိုးလုံးတွေကြားက ကြိုးစားပမ်းစား ပြေးဆုတ်လာရင်းနဲ့ ဒရုန်းထိမှန် ကျဆုံးသွားတဲ့ အနေအထား ဖြစ်တာပေါ့။ တနေ့တည်းလို့ ပြောလို့ရတာပေါ့” လို့ ပြောပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီနဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူတွေအပါအဝင် ကယန်းအမျိုးသားတွေ အတွက် တော်လှန်ရင်း ကျဆုံးခဲ့ရသူတွေကို အာဇာနည်အဖြစ် အသိအမှတ်ပြုပြီး ဈာပန အခမ်းအနားကို ကယန်းဒေသ တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီးမော့ဆို တနေရာမှာ စစ်အာဏာရှင်တပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး စစ်တပ် စစ်ကြောင်း ထိုးတာတွေကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာတွေကို လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် အရပ်သားပြည်သူတွေရှိရာ နေရာကိုလည်း အသေခံဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အာဏာရှင်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာ ကြောင့် ကလေးငယ်တယောက် သေဆုံးခဲ့ရတယ်လို့ ကရင်နီ ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက အတည်ပြုပါတယ်။
စက်တင်ဘာ ၁၆ ရက် နေ့လယ် ၁ နာရီကျော်မှာ အနောက်ခြမ်းက ဘောလုံးပွဲ ကျင်းပတဲ့နေရာကို ဒရုန်းလာကြဲချိန် ပြည်သူတွေ ထွက်ပြေးခဲ့လို့ လူမသေပေမဲ့ ညနေ ၅ နာရီကျော်မှာ ဘောလုံးကွင်းအနီးက ကျေးရွာကို အသေခံ ဒရုန်းနဲ့ ထပ်ကြဲချိန်မှာတော့ ကလေးငယ်တယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “ဘောလုံးကွင်းရှိတဲ့ရွာနဲ့ မနီးမဝေး၊ တအားမနီး တအားမဝေးတဲ့ နေရာကို အသေခံဒရုန်းနဲ့ ကြဲသွားတယ်။ ကလေးဆုံးပြီး ၃ ယောက် ဒဏ်ရာရတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ပြည်သူလူထုတွေရှိတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲ တိုက်ခိုက် နေတာကြောင့် ပြည်သူတွေအနေနဲ့ လူစုလူဝေး မပြုလုပ်ကြဖို့ကိုလည်း လူထုအချင်းချင်း တိုက်တွန်းတာတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်ကလည်း ဒီးမော့ဆိုအနောက်ခြမ်းကို လေကြောင်းကနေ ဗုံး ၈ လုံး လောက် ကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။











