
ကရင်နီပြည်နယ်ထဲမှာ နယ်မြေချဲ့ဖို့ ဒီးမော့ဆို၊ ဖရူဆို၊ မိုးဗြဲမြို့နယ်တို့မှာ စစ်တပ်က စစ်ကြောင်း ထိုးနေပြီး ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲမှာ ကယန်းအမျိုးသားတပ်မတော် KNA အမှတ် ၂၁၁၂ တပ်ရင်းက ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ တပ်ရင်းက မေလ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
အသက် ၂၀ အရွယ် ရဲဘော် ခွန်းဣဇက်ထူးက စစ်အာဏာရှင်တပ်ကိုတော်လှန်ရင်း မေ ၁၄ ရက် မှာ စစ်တပ်ရဲ့ ဒရုန်းကြောင့် ကျဆုံးခဲ့တာလို့ သိရပါတယ်။
KNA ပြန်ကြားရေးတာဝန်ရှိသူက “သူက တခြား မဟာမိတ်တပ်မှာလည်း လုပ်ခဲ့တာရှိတယ်။ အဲကတဆင့် ကျနော်တို့ဆီ ရောက်လာတာပေါ့နော်။ ရန်သူရဲ့အနေအထားက ပြီးခဲ့တဲ့ရက်တွေက နေအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေကို မီးရှို့တဲ့အနေအထားပေါ့။ ပြီးတော့ မနက်နဲ့ည ဒရုန်းတွေ လက်ချက်နဲ့ပဲ ရဲဘော်က ကျသွားတာပါ” လို့ ပြောပါတယ်။
ကျဆုံးရဲဘော် ခွန်းဣဇက်ထူးဟာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ အဖိနှိပ်ခံ လူမျိုးပေါင်းစုံပြည်သူတွေ အပါအဝင် ကယန်းအမျိုးသားတွေအတွက် တော်လှန်ရင်း ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်ဟာ မိုးဗြဲ- ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတလျှောက် တပ်စွဲထားရာကနေ နယ်မြေချဲ့ထွင်ဖို့ စစ်ကြောင်းထိုးနေပြီး အခု မေလထဲမှာပဲ ဖရူဆိုမြို့နယ်ထဲက စစ်ဘေးရှောင် ပြည်သူတွေနေတဲ့ စစ်ရှောင်စခန်းနဲ့ ဘာသာရေးအဆောက်အအုံတွေကို မီးရှိ့ဖျက်ဆီးခဲ့သလို စစ်ဘေးရှောင်ပြည်သူတချို့ကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ေ
KNA ပြန်ကြားရေးတာဝန်ရှိသူက “စစ်မျက်နှာပြင်တိုင်းကတော့ ထိတွေ့မှု အနည်းနဲ့ အများဖြစ် တယ်။ ရန်သူရဲ့လှုပ်ရှားမှုကတော့ နေရာတိုင်းလိုလို ခပ်စိပ်စိပ် လှုပ်ရှားလာတာကို တွေ့ရ တယ်”လို့ ဆက်ပြောပါတယ်။
ကရင်နီပြည်နယ်ထဲက နေရာ ၃ နေရာထက် မနည်းကို စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာပါ။
စစ်ကောင်စီတပ်က စိုးမိုးနယ်မြေတွေရရှိနိုင်ဖို့ နယ်မြေချဲ့ထွင်တဲ့အနေနဲ့ ဒီးမော့ဆို၊ ဖရူဆို၊ မိုးဗြဲ မြို့နယ်တို့မှာ အင်အား ၂၀ ကျော်ကနေ ၅၀ ကျော်နဲ့ စစ်ကြောင်းထိုးတာတွေရှိနေပြီး ဖားဆောင်း မြို့နယ်ထဲကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရ ပါတယ်။










