
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာ ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ တပ်ရင်းညွှန်ကြားရေးမှူး ရဲဘော် ခွန်းဆာအယ် ကျဆုံးသွားတယ်လို့ တပ်ရင်းက အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အသက် ၂၉ နှစ်အရွယ် တပ်ရင်းညွှန်ကြားရေးမှူး ရဲဘော် ခွန်းဆာအယ်က အောက်တိုဘာ ၄ ရက်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ပြီး စျာပနကို အောက်တိုဘာလ ၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
KNA ပြန်ကြားရေးတာဝန်ရှိသူက “ရန်သူရဲ့ လေယာဥ်တိုက်ခိုက်မှုကြောင့် ကျဆုံးရပါတယ်။ မြေပြင်တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စခန်းအသေးတခုမှာ ဖြစ်သွားပါတယ်။ မြေပြင်ရဲဘော်တွေအနေနဲ့လည်း လုံခြုံရေးသတိပိုမိုထားဖို့နဲ့ အတွင်းသတင်းတွေမှာ ပိုဂရုစိုက်ဖို့ လိုအပ်ပါမယ်”လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က ကရင်နီမှာ စစ်တိုင်းအထိ တိုးချဲ့လာတာကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း စစ်ရေးမှာ ပိုမိုထိရောက်တဲ့ ဗျူဟာနဲ့ အစီအစဥ်ချဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့လည်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေ ပိုအသုံးပြု တိုက်ခိုက်လာနိုင်တာ ဖြစ်ဖို့ စစ်ရေးအသိရှိကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
စစ်တပ်က မိုးဗြဲ၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနဲ့ မော်ချီးဒေသတွေကို လေကြောင်းတိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်နေတာကြောင့် ပြည်သူ ထိခိုက်သေဆုံးရမှုတွေလည်း ရှိနေပါတယ်။











