
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့က စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်တာကြောင့်အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မနက် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ ပါရာမော်တာတစီးနဲ့ အရာတော်တောင်ခြမ်းကို လေကြောင်းတိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မွန်းလွဲ ၁၂ နာရီ ၅၇ မိနစ်မှာ မုံရွာလေဆိပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပရာ ၃ စီးနဲ့ အရာတော်တောင်ခြမ်းကို ဗုံးကြဲသွားသလို နေ့လယ် ၁ နာရီ ၁၂ မိနစ်မှာ မိတ္ထီလာရှမ်းတဲတက် ဂျက်တိုက်လေယာဉ် တစင်းနဲ့ အရာတော်တောင်ခြမ်းကို ၄ ကြိမ်တိုက်ခိုက်သွားတာလို့ သိရပါတယ်။
အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတယောက်က “လောလောဆယ်တော့ ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးဘူး။ ပြည်သူတွေကတော့ လက်ရှိ ဗုံးကြဲခံရတဲ့ နေရာတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့နော်။ အဓိကတော့ အရာတော် တောင်ခြမ်းက ရွာတွေပေါ့”လို့ ပြောပါတယ်။
မနေ့ ညနေ ၃ နာရီခွဲလောက်မှာလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာတဲ့ ဂျိုင်ရိုကော်ပရာ ၃ စီးနဲ့ အရာတော်တောင်ခြမ်းကို ထပ်ကြဲတိုက်ခိုက်သွားတယ်လို့ သိရ ပါတယ်။
သင်္ကြန်တွင်း တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုမရှိဘဲ တဖက်သတ် တိုက်ခိုက်သွားတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်တပ်က အရာတော်မြို့နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။










