
အမေရိကန်ဘက်က အမျိုးသားလုံခြုံရေးဆိုတဲ့ ခေါင်းစဉ်ကို လိုတာထက် ပိုမိုချဲ့ကားပြီး နိုင်ငံတော်အာဏာကို အလွဲသုံးကာ တရုတ်လုပ်ငန်းတွေကို နှောင့်ယှက် ဖိအားပေးနေတာကို တရုတ်နိုင်ငံအနေနဲ့ ပြတ်ပြတ်သားသား ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၅ ရက်မှာ ပြောပါတယ်။
အမေရိကန်အနေနဲ့ တရုတ်နိုင်ငံထုတ် အလင်းစွမ်းအင်သုံး အချက်ပြကိရိယာအသစ်တွေ (Optical Transceiver) တင်သွင်းမှုကို ပိတ်ပင်ဖို့ မူကြမ်းရေးဆွဲနေသလို ပေါ်လီစီလီကွန်နဲ့ ဆက်စပ်ထုတ်ကုန်တွေအပေါ် အနိမ့်ဆုံးဈေးနှုန်း သတ်မှတ်တာနဲ့ အခွန်တိုးကောက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန်းက ထည့်သွင်း ပြောဆိုသွားတာပါ။
“ကာကွယ်ရေးဝါဒကို ကျင့်သုံးရုံနဲ့တော့ အမေရိကန်ဟာ ပိုပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိလာမှာ မဟုတ်ပါဘူး” လို့ လင်းကျန်းက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒါ့အပြင် အမေရိကန်ရဲ့ ခုလို လုပ်ဆောင်ချက်ဟာ တရုတ်နဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းတွေကြား ပုံမှန် ကုန်သွယ်ရေးနဲ့ စီးပွားရေး ကူးလူးဆက်ဆံမှုတွေကို ပြင်းပြင်းထန်ထန် နှောင့်ယှက်နေပြီး အမေရိကန် စီးပွားရေးလုပ်ငန်းတွေ၊ စားသုံးသူတွေနဲ့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့လည်း ဖြည့်စွက်ပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မိမိတို့ စီးပွားရေးလုပ်ငန်းတွေရဲ့ တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ခိုင်ခိုင်မာမာ ဆက်လက်ကာကွယ်သွားမယ်လို့လည်း လင်းကျန်းက အလေးအနက် ပြောပါတယ်။
နောက်ဆုံးပေါ် မြန်နှုန်းမြင့် Optical Transceiver တွေဟာ AI နည်းပညာ တိုးတက်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းဖြစ်ပြီး ပေါ်လီစီလီကွန်ကတော့ နည်းပညာနဲ့ စွမ်းအင်ကဏ္ဍမှာ အရမ်းအရေးပါတဲ့ အခြေခံကုန်ကြမ်းတခု ဖြစ်ပါတယ်။
ကမ္ဘာ့ ပေါ်လီစီလီကွန် ထုတ်လုပ်မှုရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံက စိုးမိုးထားတာ ဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်က တရုတ်ရဲ့ သန့်ရှင်းစွမ်းအင်နဲ့ နည်းပညာကဏ္ဍ စိုးမိုးမှုကို ထိန်းချုပ်ဖို့အတွက် တရုတ်နိုင်ငံထုတ် ပေါ်လီစီလီကွန်တွေအပေါ် အခွန်တိုးကောက်တာ၊ ဈေးနှုန်းစည်းမျဉ်း သတ်မှတ်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
Source: Reuters










