DVB Logo
Home
မြန်မာသတင်း
အဓမ္မစစ်သားစုဆောင်းခြင်းမရှိဟု ILO ကို ပြောင်ပြောင်တင်းတင်း ငြင်းဆို
ဇွဲသစ်
·
June 7, 2026
Photo : MOI
Photo : MOI
Donate to DVB

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ဆီကို စစ်အာဏာရှင် လက်အောက်ခံအဖွဲ့က တင်သွင်းထားတဲ့စာတမ်းမှာ အဓမ္မ စစ်သားစုဆောင်းတယ်ဆိုတဲ့ စွဲချက်ကို ပြောင်ပြောင်တင်းတင်း ငြင်းဆိုလိုက်ပါတယ်။

စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် အဓမ္မစစ်သားစုဆောင်းတာ၊ ငွေညှစ်တာတွေကို အာဏာသိမ်းစစ်တပ်က ဆက်တိုက်လုပ်ဆောင်ခဲ့ပေမဲ့ ILO ဆီကို စစ်တပ်ဘက်က ၂၀၂၆ ခုနှစ် မေလအတွင်း တင်သွင်းတဲ့စာတမ်းမှာတော့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး၊ စစ်တပ်ဘက်က လူမျိုးစု၊ ဘာသာရေးအုပ်စုတွေအပေါ် အတင်းအဓမ္မ စစ်သား စုဆောင်းတာ မရှိဘူးလို့ ဆိုထားပါတယ်။

ILO ညွှန်ကြားရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ အတည်ပြု ပြဋ္ဌာန်းပြီးနောက် စစ်တပ်က လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်တာ၊ ခြိမ်းခြောက်တာ၊ ငွေကြေး တောင်းခံတာနဲ့ အဓမ္မ စစ်မှုထမ်းခိုင်းတာတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ဘက်က ပြောဆို တင်ပြချက်တွေဟာ မြေပြင်မှာ အလုပ်သမားတွေ ကြုံနေရတဲ့ အခြေအနေတွေနဲ့ ကွဲလွဲနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

MICS-TUsF ရဲ့  အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ဦးသက်နှင်းအောင် က “ပေါ်တာဆွဲတာတွေပေါ့။ တနည်းအားဖြင့် ပြောရရင် စစ်မှုထမ်းတဲ့ကိစ္စရပ်တွေမှာ မှန်မှန်ကန်ကန် မလုပ်တာတွေ မရှိပါဘူးလို့ပြောတာကို ကျနော်တို့ တွေ့ရတယ်။ ဒါပေမဲ့ တကယ် လက်တွေ့ မြေပြင်မှာ ကျနော်တို့ ဘာတွေ့ရလဲဆိုတော့ ရပ်ကွက် ဥက္ကဋ္ဌတွေ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးတွေက အသက် ၁၈ နှစ်ကနေ ၃၅ အတွင်း လူငယ်တွေ၊ ကျနော်တို့ ရတဲ့သတင်းတွေအရ ဆိုရင် အသက် ၃၅ နှစ်ကျော်တွေတောင်မှ မှတ်ပုံတင်လိမ်ထုတ်ပေးပြီး စစ်မှုထမ်း အဓမ္မ ထည့်သွင်းနေတဲ့ ကိစ္စတွေရှိတယ်။ ဒါတွေအားလုံးက သိသာထင်ရှားနေတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဒီလိုမျိုး သိသာထင်ရှားနေတဲ့ ကိစ္စတွေကို ငြင်းချက်ထုတ်နေလို့လည်း မထူးဘူး။ ကမ္ဘာကြီးက အမှန်တရားကို သိရှိနေတာဖြစ်တယ်။ ဒီလို သိရှိအောင်လည်း ပြည်တွင်းမှာရှိတဲ့ အရင်းအမြစ်တွေက မှန်ကန်တဲ့ သတင်းအချက်လက်တွေကို ပေးနေတာဖြစ်တယ်” လို့ ပြောပါတယ်။

ပြည်တွင်းမှာ ညဘက် သွားလာသူတွေကို ပေါ်တာဆွဲတာတွေ၊ အဓမ္မ စစ်သား စုဆောင်းတာတွေ ရှိနေသလို၊ ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုလည်း စစ်တပ်ဘက်က အဓမ္မစစ်သားစုဆောင်းတာတွေ ရှိနေပါတယ်။

အထူးသဖြင့် ကော့သောင်း-ရနောင်း နယ်စပ်ကနေ ပြန်ပို့ခံရတဲ့ ရွှေ့ပြောင်းလုပ်သားတွေထဲမှာ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အသက်အကျုံးဝင်တဲ့ လူငယ်တွေကို အဓိထား ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေကြေးပေးကာ စစ်သားစုဆောင်းရေးကနေ ရွေးထုတ်ရတဲ့ အခြေအနေတွေအထိ ရှိနေတယ်လို့ ထိုင်းရောက် အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အလုပ်သမားအရေးလှုပ်ရှားသူ အေအေစီ ကိုရဲမင်း က “အခု ကော့သောင်း-ရနောင်းကနေ ပြန်ပို့ခံရတဲ့သူတွေဆိုရင် အကြမ်းဖက်စစ်တပ်က ပြန်ပို့တာနဲ့တန်းခေါ်သွားတာပဲ။ ယောကျာ်းလေး အရွယ်ကောင်းတွေ၊ မိန်းကလေးတွေ အားလုံး ခေါ်သွားတာပဲ။ ကော့သောင်းမှာရှိတဲ့ တပ်ရင်းတခုဆီ ခေါ်သွားတယ်၊ ကပစ-၁၂ လို့လည်း သိရတယ်။ ခေါ်သွားပြီး စစ်သားစုဆောင်းရေးက စစ်ဆေးပြီး တချို့ဆိုရင် သိန်း ၅၀၊ သိန်း ၁၀၀၊ တချို့ မရှိတဲ့သူဆိုရင် သိန်း ၃၀၊ ၄၀ ပေးပြီး ရွေးထုတ်ရတယ်။ ငွေနဲ့ ရွေးမထုတ်နိုင်သူဆိုရင် သေချာပေါက် စစ်သား စုဆောင်းရေးထဲ တန်းရောက်သွားတယ်။ ဆိုလိုတာက နေရပ်ပြန်ပို့ခံရတဲ့ လုပ်သားတွေက သေချာတယ်။ အကြမ်းဖက် စစ်အုပ်စုရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းရေးထဲ ရောက်ကုန်ကြတယ်” လို့ ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ အခု ကျင်းပနေတဲ့ ၁၁၄ ကြိမ်မြောက် ILO ညီလာခံမှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထူးအစည်းအဝေးကို ကျင်းပနေပြီး အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေက မြန်မာနိုင်ငံအတွင်း အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုနဲ့ အဓမ္မစစ်သားစုဆောင်းမှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ထောက်ပြထားပါတယ်။

စစ်အာဏာရှင်ရဲ့ ပဲခူးတိုင်း နယ်လုံဝန်ကြီးကိုယ်တိုင်ကလည်း လူငယ်တွေကို နယ်ကျော်ဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာ ရှိခဲ့တယ်လို့ ဇွန် ၄ ရက်က တိုင်းလွှတ်တော်မှာ ဝန်ခံ ပြောဆိုထားပါတယ်။

ဒါ့အပြင် ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ အရ မြန်မာစစ်ကောင်စီအပေါ် ပိုမိုထိရောက်တဲ့ ဖိအားပေး အရေးယူဆောင်ရွက်မှုတွေ ချမှတ်ဖို့နဲ့ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု၊ အဓမ္မ စစ်သားစုဆောင်းမှုတွေ အဆုံးသတ်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုအရေးယူဆောင်ရွက်ဖို့ တိုက်တွန်းတောင်းဆိုနေကြပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013