
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ဇွန် ၁၆ ရက်က ချောင်းကို ဝါးဖောင်နဲ့ကူးပြီး ဆွမ်းခံထွက်တဲ့ ကိုရင်တပါး ရေထဲပြုတ်ကျကာ ရေနစ် ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ညနေပိုင်းက ရေကြည်မြို့နယ်၊ ဆင်ကူးချောင်းကျေးရွာ တဖက်ကမ်းကို ဝါးဖောင်နဲ့ကူး ဆွမ်းချိုင့် သွားယူပြီး ပြန်လာတဲ့ ကိုရင်ဟာ မိုးသက်လေပြင်းတိုက်ခတ်ကာ ဝါးဖောင်ပေါ်က ပြုတ်ကျပြီး ရေနစ် ပျံလွန်တော်မူခဲ့ပြီး ကိုရင်ရဲ့ရုပ်အလောင်းကို ဇွန် ၁၇ ရက် မနက် ၁၀ နာရီ ကျော်လောက်မှာ ပြန်တွေ့ ဆယ်ယူခဲ့ရတာလို့ သိရပါတယ်။
ကူညီဆောင်ရွက်ပေးသူတယောက်က “ဆင်ကူးချောင်းကို ဖြတ်ပြီး ဆွမ်းချိုင့်သွားယူပြီး အပြန်မှာ ရေထဲပြုတ်ကျတာ။ ဝါးဖောင်နဲ့ ဖြတ်ကူးရင်း ဖြစ်တာ။ ကိုရင်လေး ချောင်းဖြတ်ကူးတဲ့အချိန် လေတိုက်၊ မိုးတွေကလည်း အရမ်းရွာနေတဲ့အချိန်ဖြစ်တော့ အသက်ဆုံးရှုံးရတာ” လို့ ပြောပါတယ်။
ရေနစ် ပျောက်ဆုံး ကိုရင်လေးကို ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဇွန် ၁၆ ရက် ညနေပိုင်းကတည်းက လိုက်လံရှာဖွေပေမဲ့ ဇွန် ၁၇ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ကိုရင်ရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာလို့ သိရပါတယ်။
ရေနစ်ပျံလွန်တော်မူခဲ့ရတဲ့ ကိုရင်လေးဟာ ရေကြည်မြို့နယ်၊ ဗထူးရပ်ကွက်၊ မြို့ပတ်လမ်း၊ တေဇာရာမ ပရိယတ္တိစာသင်တိုက်က အသက် ၁၆ နှစ်အရွယ် ရှင်အဂ္ဂဝံသ ဖြစ်ပါတယ်။










