
ယူကရိန်းနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေကို ရုရှားရဲ့ ဒရုန်းရာပေါင်းများစွာရဲ့ရန်ကနေ ကာကွယ်ဖို့ ပုဂ္ဂလိက လေကြောင်းကာကွယ်ရေးကုမ္ပဏီတွေက ကာကွယ်ရေးအစီအစဉ်တခု စတင်လိုက်ပါတယ်။
ယူကရိန်းက စက်မှုလုပ်ငန်းတွေကို သူတို့ရဲ့ အဆောက်အအုံတွေကို ကာကွယ်ဖို့ ကိုယ်ပိုင် လေကြောင်းကာကွယ်ရေးအဖွဲ့တွေ တည်ထောင်ခွင့်ပြုတဲ့ စမ်းသပ်အစီအစဉ်တခုကို ပြီးခဲ့တဲ့နှစ်က စတင်ခဲ့ပါတယ်။
အခုအချိန်အထိ ကုမ္ပဏီ ၂၀ မှတ်ပုံတင်ထားပြီး သူတို့ထဲက ၂ ခုက လေကြောင်းကာကွယ်ရေး လုပ်ငန်းတွေကို ဝန်ဆောင်မှုပေးနေပါပြီ။
ကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ Carmine Sky က သီးခြားဖောက်သည်တယောက်ချင်းရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး အကာအကွယ်တွေကို ကြက်သွန်နီအလွှာတွေလို အလွှာအများကြီး ဖြန့်ကျက်ထားတယ်လို့ ပြောပါတယ်။
လုံခြုံရေးအကြောင်းပြချက်တွေအတွက် သူ့ရဲ့ ပထမနာမည်ကိုသာ ပေးခဲ့တဲ့ ကုမ္ပဏီကိုယ်စားလှယ် ရုစ်လန်က ကြားဖြတ်ဒရုန်းတွေကနေ M2 ဘရောင်နင် အကြီးစား စက်သေနတ်တွေ တပ်ဆင် ထားတဲ့ အလိုအလျောက် ပစ်ခတ်နိုင်တဲ့ ဆုံလည်တွေအထိ မျိုးစုံပါတယ်လို့လည်း ဆိုပါတယ်။
ကာမိုင်း စကိုင်းရဲ့ ဝန်ထမ်းတွေက ရုရှားဒရုန်းတွေကို စောင့်ကြည့်နေတဲ့ ထိန်းချုပ်ခန်းတခုထဲမှာ ရူစလန်က ရိုက်တာသတင်းဌာနကို ပြောခဲ့တာပါ။
ကုမ္ပဏီဟာ ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်း ခါကိဗ်ဒေသအပြင် တခြားဒေသတွေနဲ့ ဘယ်ဒေသတွေ မှာမဆို လည်ပတ်နေတယ်လို့ ရူစ်လန်က ပြောပါတယ်။ ကုမ္ပဏီရဲ့ ဖောက်သည်တွေက ဘယ်သူတွေ လည်း ဆိုတာကိုတော့ သူက ထုတ်ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။
ရူစလန်က “ကျနော်တို့က သမားရိုးကျ နိုင်ငံတော်လေကြောင်း ကာကွယ်ရေးပုံစံကိုသာ ဖြည့်စွက် ပေးနေတာ။ နိုင်ငံတော်လေကြောင်းကာကွယ်ရေးဟာ မဟာဗျူဟာ ပိုကျတဲ့ အခန်းကဏ္ဍမှာ ရှိပြီး ကျနော်တို့က သီးခြားသတ်မှတ်ထားတဲ့ နယ်ပယ်ထဲမှာ ရှိနေတယ်”လို့ ပြောပါတယ်။
ကုမ္ပဏီတွေက လုပ်ငန်းမစမီ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို ရယူရမှာဖြစ်ပြီး ယူကရိန်း လေတပ်ရဲ့ ကွပ်ကဲမှုနဲ့ ထိန်းချုပ်မှုစနစ်ထဲမှာ ပေါင်းစပ်ထည့်သွင်းရမှာ ဖြစ်ပါတယ်။
Source: Reuters










