DVB Logo
Home
မြန်မာသတင်း
မောင်တောခရိုင်တွင် ပညာရေးကဏ္ဍတိုးမြှင့်မှု လူမှုသဟဇာတဖြစ်စေမည်
ကေခိုင်
·
August 4, 2026
Photo: DVB
Photo: DVB
Donate to DVB

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း မာဒရာဆာကျောင်းတွေမှာ သာသာရေးစာပေနဲ့အတူ အစိုးရအတန်းစာတွေကိုပါ ပူးတွဲသင်ကြားမယ် ဆိုရင် ရခိုင်နဲ့ ရိုဟင်ဂျာတွေကြား အပြန်အလှန် ဆက်သွယ်ရေး အားကောင်းလာနိုင်တဲ့အပြင် လူမှုသဟဇာတ ဖြစ်စေနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ   ရိုဟင်ဂျာ ကျောင်းသားလူငယ်ကို ဘာသာရေးစာပေတွေအပြင် အစိုးရအတန်းစာကိုပါ ပူးတွဲသင်ကြားနိုင်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နဲ့ ဒေသတွင်း မော်လဝီဆရာတွေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဇူလိုင် ၂၆ ရက်နဲ့ ၂၉ ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ တွေ့ဆုံပွဲတွေကို ULA မောင်တောခရိုင်က တာဝန်ရှိသူတွေ၊ ပညာရေးမှူးတွေ အပါအဝင် ရိုဟင်ဂျာရေးရာ ကောင်စီဝင်တွေနဲ့  မော်လဝီဆရာတွေ ရာနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။

ရိုဟင်ဂျာ ကျောင်းသားလူငယ်တွေရဲ့ ပညာရေးအဆင့်အတန်း မြင့်မားလာစေဖို့၊ တိုင်းပြည် တည်ဆောက်ရေးတွေမှာ ပူးပေါင်းပါဝင်လာစေဖို့နဲ့ လူမျိုး ဘာသာ မခွဲခြားဘဲ အတူယှဉ်တွဲ နေထိုင်နိုင်မဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပြီး လူမှုသဟဇာတရှိစွာ နေထိုင်နိုင်ဖို့အတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။

အရင်စစ်အစိုးရအဆက်ဆက်လက်ထက် ပညာရေးအခွင့်အလမ်းတွေ ပိတ်ပင်ခံထားရတဲ့အတွက် ဗဟုသုတပိုင်းဆိုင်ရာ အားနည်းခဲ့ရပြီး ဘာသာစကား အခက်အခဲတွေကြောင့် အုပ်ချုပ်ရေး၊ ကျန်းမာရေးနဲ့ လူမှုရေးကဏ္ဍတွေမှာလည်း အခက်အခဲများစွာ ကြုံတွေ့ခဲ့ကြရတယ်လို့ သိရပါတယ်။

မောင်တောဒေသခံတယောက်က “အရင် စစ်ကောင်စီခေတ်တုန်းက အစိုးရအတန်းပညာရပ် စနစ်တွေကို ဘာမှ သင်ကြားခွင့်မပေးဘူးပေါ့။ အဲဒီလိုဆိုတော့ ဗဟုသုတပိုင်းဆိုင်ရာတွေကို လက်လှမ်းမမီနိုင်ဘူးပေါ့နော်။ မျက်စိပိတ်၊ နားပိတ်နေရတဲ့ ပုံစံမျိုးပါ။ ခု ULA က မျက်စိတွေ နားတွေ ဖွင့်ပေးတာပေါ့။ ဗဟုသုတတွေရဖို့ အသိပညာတွေကြွယ်ဖို့ ULA က လက်ကမ်းပြီး ကြိုတာပေါ့နော်။ အစိုးရပညာတွေကို သင်ရလို့ရှိရင် စိတ်ဓာတ်ရေးရာပိုင်းတွေ ပိုကောင်းလာမယ်၊ ဘာသာနှစ်ခုကြား လူမှုသဟဇာတပေါ့နော် ‌ရေရှည် ချစ်ချစ်ခင်ခင် နေသွားကြဖို့ ရည်ရွယ်ပြီးတော့ ULA အစိုးရက မွတ်စလင်အသိုက်အဝန်းတွေကို ကမ်းလှမ်းပေးတာ၊ ကျနော်တို့က လက်ခံပါတယ်၊ ကြိုလည်း ကြိုဆိုပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လာမဲ့နှစ်မှာ မောင်တောခရိုင်အတွင်း အစိုးရကျောင်းတွေမှာ တာဝန်ထမ်းဆောင်ဖို့ ရိုဟင်ဂျာ ဆရာ၊ ဆရာမ ၅၀၀ လောက် ခန့်အပ်သွားမယ်လို့ သိရပါတယ်။

ဒါဟာ ဒေသတွင်း ပညာရေးစနစ်သစ်အတွက် အရေးပါတဲ့ အပြောင်းအလဲတခုဖြစ်ပြီး ပညာရေးကဏ္ဍ ပေါင်းစည်းတာဟာ လူမှုသဟဇာတဖြစ်စေဖို့ အမြန်ဆုံးနည်းလမ်း ဖြစ်တယ်လို့ လူနည်းစုအခွင့်အရေး လှုပ်ရှားသူ ရိုဟင်ဂျာလူငယ်ခေါင်းဆောင် ကိုဇေယျာလင်းက ပြောပါတယ်။

“ပညာရေးအတွက် ကောင်းတဲ့လက္ခဏာတခုဖြစ်သလို လူမှုသဟဇတအတွက်လည်း ကောင်းတဲ့ လက္ခဏာလို့ မြင်ပါတယ်။ ရခိုင် ဆရာ၊ ဆရာမတွေက ရိုဟင်ဂျာရွာတွေကို လာသင်ပေးတာမျိုး၊ ရိုဟင်ဂျာ ဆရာ၊ ဆရာမတွေ အနေနဲ့လည်း ရခိုင်ရွာမှာရှိတဲ့ ကျောင်းတွေကို သွားပြီးတော့ သင်ပေးနိုင်တယ်ဆိုရင် ရိုသေလေးစားမှု၊ အပြန်အလှန်ဆက်သွယ်မှုတွေက အလိုလို ကျနော်တို့ သင်လာကတည်းက ဖြစ်ပေါ်လာမယ်။ ဒါက သဟဇတဖြစ်ဖို့အတွက် တကယ့်ကို ကောင်းတဲ့လုပ်ရပ်တခုလို့ မြင်ပါတယ်။ ရခိုင်သက်သက်၊ ရိုဟင်ဂျာသက်သက် ကျောင်းတက်နေတာမျိုး မဟုတ်ဘဲနဲ့ အတူတူပေါ့နော်၊ တက်ဖြစ်တယ်ဆိုရင်တော့ ကျောင်းသား ကျောင်းသူတွေလည်း ရင်းရင်းနှီးနှီး ဖြစ်လာမယ်၊ နောက်ပြီးတော့ သူ့ဘာသာစကား၊ ကိုယ့်ဘာသာစကား အပြန်အလှန်ရှိမယ်၊ ဒီလိုအခြေအနေမျိုးမှာ သဟဇာတဖြစ်လာဖို့က ပိုပြီးတော့ မြန်ဆန်လွယ်ကူလာမယ်လို့ မြင်ပါတယ်။”

ဒါ့အပြင် မာဒရာဆာကျောင်းတွေ ပျောက်ကွယ်သွားမှာကို စိုးရိမ်စရာမလိုဘဲ ခေတ်ပညာနဲ့ ဘာသာရေးပညာကို မျှတစွာ သင်ကြားသွားဖို့ကိုလည်း ULA ဘက်က တိုက်တွန်းထားတဲ့အပြင် မာဒရာဆာကျောင်း ၂၅ ကျောင်းကိုလည်း ကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာတွေ လှူဒါန်းပေးခဲ့ပါတယ်။

နှစ်ပေါင်းများစွာ စစ်အစိုးရရဲ့ “သွေးခွဲအုပ်ချုပ်မှု” အောက်မှာ လူမျိုးရေးပဋိပက္ခတွေနဲ့အတူ ပညာရေး ဖိနှိပ်ခံခဲ့ရတဲ့ မောင်တောခရိုင်မှာ လက်ရှိ ULA/AA လက်ထက်မှာတော့ လူမျိုးဘာသာ မခွဲခြားဘဲ ပညာသင်ကြားခွင့်နဲ့ တန်းတူညီမျှ အခွင့်အရေးတွေ ရရှိလာနေပါပြီ။

လက်ရှိမှာလည်း ဒီပညာရေးကဏ္ဍကနေတဆင့် ရခိုင်နဲ့ ရိုဟင်ဂျာလူမျိုးတွေကြား ရေရှည်တည်တံ့မဲ့ လူမှုသဟဇာတ တည်ဆောက်နိုင်ဖို့ကိုလည်း ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013