
ရခိုင်ပြည်၊ ပေါက်တောမြို့ ငပြီကျွန်းကို ကမ်းတက်ဖို့လာတဲ့ စစ်အာဏာရှင်တပ် ရေယာဉ်အုပ်စုကို အာရက္ခတပ်တော် (AA) က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၂ စင်း ထိမှန်ပြီး နောက်ဆုတ် သွားခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အောက်တိုဘာ ၇ ရက်ညမှာ ကုလားတန်မြစ်ထဲက ငပြီကျွန်းကို ကမ်းတက်လာတဲ့ စစ်တပ် ရေယာဉ် ၉ စင်းထဲက အနည်းဆုံး ၂ စင်းလောက်ကို AAက လက်နက်ကြီးနဲ့ပစ်ခတ်နိုင်ခဲ့တယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ညဘက်အချိန် ချဉ်းကပ်လာတာတဲ့ခါ ထိသွားတာ။ နေဗီ ၂ စင်း မီးခိုးထွက်သွားပြီး ရွှေမင်းဂံဘက်ကို နောက်ဆုတ်သွားတယ်။”
စစ်အာဏာရှင်တပ်ဟာ AA သိမ်းထားတဲ့ ရခိုင်ကမ်းရိုးတန်းက ပေါက်တော၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲ၊ မြေပုံ စတဲ့ မြို့နယ်တွေကို ကမ်းတက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်လို့ ရမ်းဗြဲဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
“ပေါက်တောဘက်မှာဆို ကျွန်းသုံးကျွန်းအနားမှာ စစ်ကောင်စီနေဗီတွေ ကျောက်ချတာတို့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတို့ လုပ်တယ်။ မြေပုံဘက်မှာဆိုလည်း နောင်တော်ကြီး၊ နောင်တော်ချေ ဘက်၊ ရမ်းဗြဲဘက်ဆို ကျောက်နီမော်ဘက်ကနေ ကြိုးစားနေတယ်။ ဒရုန်းနဲ့ကင်းထောက်တယ်၊ လက်နက်ကြီးနဲ့ပစ်တယ်။”
အောက်တိုဘာ ၇ ရက်ညက ကမ်းတက်ဖို့ကြိးစားတဲ့ စစ်တပ်ရေယာဉ်တွေဟာ စစ်တွေ-ကျောက်ဖြူ ပင်လယ်ပြင်တလျှောက် ကင်းလှည့်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီး ကျည်ထိမှန်သွားတဲ့အတွက် စစ်တပ်ရေယာဉ်တွေ နောက်ဆုတ်သွားခဲ့ရပြီးနောက် ငပြီကျွန်းပေါ်ကို စစ်အာဏာရှင်တပ်က ဗုံးအလုံးရေ ၅၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အောက်တိုဘာ ၈ ရက်ည နေ ၆ နာရီကျော်လောက်ကလည်း အာရက္ခတပ်တော်နဲ့ စစ်အာဏာရှင်တပ်တို့ စစ်တွေမြို့ပြင်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ကျည်တလုံး စစ်တွေလေယဉ်ကွင်းထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“လက်နက်ကြီးကျည်က မြို့ပြင်ကိုတော့ ပုံမှန်ကျနေကျပါ။ အခုတကြိမ် မနေ့က လေယဉ်ကွင်းထဲထိ ကျတယ်။ တိုက်ပွဲသံကလည်း မြို့ထဲက ကြားလာရတယ်။”
စစ်တွေမှာ AA က အမြင့်ကျွန်း၊ ကျားမသောက်နဲ့ ငတောက်တက် စတဲ့ရွာတွေမှာ အထိုင်ချထားတဲ့ စစ်အာဏာရှင်တပ်ရဲ့ ကာကင်းစခန်းတွေကို လက်ရှိ တိုက်ခိုက်နေတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။
Photo : APM











