DVB Logo
Home
မြန်မာသတင်း
ငပြီကျွန်းနှင့် ကွန်းတောင်အနီး၌ တိုက်ပွဲပြင်းထန်နေ
DVB
·
November 4, 2026
Photo: CINCDS
Photo: CINCDS
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ငပြီကျွန်းနဲ့ ပုဏ္ဏာကျွန်းမြို့နယ် ကွန်းတောင်ကျေးရွာအနီးမှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေကြပြီး စစ်အာဏာရှင်တပ်က လေကြောင်းပစ်ကူ အမြောက်အမြား အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ငပြီကျွန်းပေါ်မှာ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) နှစ်ဖက်လုံးက အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်ပြုလုပ်နေကြပြီး ကျွန်းကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေကြတာကြောင့် တိုက်ပွဲတွေဟာ နိုဝင်ဘာ ၄ ရက်အထိ ပြင်းထန်နေကြဆဲ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ငပြီကျွန်းဘက်ကို စစ်တပ်က အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်ပြုလုပ်ပြီး ခြေကုပ်ယူနိုင်ဖို့ ကျားကုတ်ကျားခဲ ကြိုးပမ်းနေသလို တပ်တော်ဘက်ကလည်း ကျွန်းတခုလုံးကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာတွေလည်း ရှိတယ်။ စစ်တပ်ဘက်က လေကြောင်း ပစ်ကူတွေကို တရပ်စပ်အသုံးပြုပြီး တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ။ ဒီနေ့မနက်ပိုင်းအထိ ထိတွေ့ တိုက်ပွဲတွေ ပြင်းထန်နေကြသလို လေကြောင်းနဲ့လာပြီး ဗုံးကြဲတိုက်ခိုက်တွေလည်း ရှိတယ်။”

ငပြီကျွန်းကို စစ်အာဏာရှင်တပ်က အောက်တိုဘာ ၇ ရက်ကတည်းက ကမ်းတက်တိုက်ပွဲ ဆင်နွှဲခဲ့တာဖြစ်ပြီး ငပြီကျွန်းက အလယ်ရွာကို စစ်အာဏာရှင်တပ်က ထိန်းချုပ်ထားဆဲဖြစ်သလို အာရက္ခတပ်တော်က ရွာမနဲ့ သရက်တောကျေးရွာတို့ကို ထိန်းချုပ်ထားပြီး ကျွန်းကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ နှစ်ဖက်စလုံးက အင်အားတွေ ဖြည့်တင်းပြီး အပြင်းအထန် တိုက်ခိုက်နေကြ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၆ ရက်ကလည်း ငပြီကျွန်းနဲ့ စစ်တွေမြို့အကြား လုံခြုံရေးယူထားကြတဲ့ စစ်သင်္ဘော ၃ စင်းကို အာရက္ခတပ်တော်က တိုက်ခိုက်ခဲ့လို့ စစ်သင်္ဘော ၂ စင်း နစ်မြုပ်ခဲ့ပြီး ကျန်တစင်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့ရတယ်လို့ အာရက္ခတပ်တော်ဘက်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တွေ-ပုဏ္ဏားကျွန်း အစပ်မှာလည်း စစ်အာဏာရှင်တပ်က အောက်တိုဘာ ၃၀ ရက်ကတည်းက ပုဏ္ဏားကျွန်းမြို့နယ်တွင်းကို ဒုတိယအကြိမ် ထပ်မံထိုးစစ်ဆင်နေတာကြောင့် ကွန်းတောင်ကျေးရွာနဲ့ အမြင့်ကျွန်းကျေးရွာကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေကြတယ်လို့လည်း နောက်ထပ် မြေပြင် စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ပုဏ္ဏားကျွန်းဘက် ဒုတိယအကြိမ် ထိုးစစ်ဆင်နေတာကြောင့် မင်းချောင်းတံတားအနီး ပတ်ဝန်းကျင်တွေမှာ တိုက်ပွဲပြင်းထန်နေတာ ရှိတယ်။ စစ်တပ်က ပြည်သူ့စစ်တွေနဲ့ အဓိက အသေခံ ထိုးစစ်ဆင် တိုက်ခိုက်ခိုင်းနေတာဖြစ်ပြီး လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေလည်း ပေးနေတာ ရှိတယ်။ အာရက္ခတပ်တော်ဘက်လည်း အကောင်းဆုံး ခုခံထားဆဲဖြစ်ပြီး အခြေအနေပေါ် မူတည်ပြီးတော့ တန်ပြန်ထိုးစစ်တွေနဲ့ ဗျူဟာမြောက် တိုက်ခိုက်နေတာတွေ ရှိတယ်။”

စစ်အာဏာရှင်တပ်ဟာ အင်အား ၁,၀၀၀ ကျော် အသုံးပြုပြီးတော့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဒုတိယအကြိမ် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဖက် ထိခိုက်မှုတွေလည်း ရှိကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုဝင်ဘာ ၃ ရက် နေ့လယ်ပိုင်း၊ ညနေပိုင်းတွေနဲ့ နိုဝင်ဘာ ၄ ရက် မနက်ပိုင်းကလည်း ကွန်းတောင်ကျေးရွာနဲ့ တံဘက်လှန်းကျေးရွာ အနီးပတ်ဝန်းကျင်တွေကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်တပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်ကို စက်တင်ဘာ ၄ ရက်က ပထမအကြိမ် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပေမဲ့ အာရက္ခတပ်တော်ရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်ကြောင့် ပထမထိုးစစ် ကျရှုံးခဲ့ပြီးနောက် ဒုတိယအကြိမ် အင်အားထောင်ချီသုံးပြီး ထပ်မံထိုးစစ်ဆင်နေ ပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်တွေကို ပြန်လည်ထိန်းချုပ်ရရှိနိုင်ဖို့ အသည်းအသန် ကြိုးပမ်းနေပေမဲ့ အာရက္ခတပ်တော်က အကောင်းဆုံး ခုခံကာကွယ်ထားနိုင်တာကြောင့် အရပ်ဘက်ပစ်မှတ်တွေဖြစ်တဲ့ မြို့၊ ရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေ ဆက်တိုက် မြင့်တက်လာနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013